MMK Hub
News

ဆေးခြောက်ကို ပြည်ပမယူရန် ထိုင်းရဲတပ်ဖွဲ့ သတိပေး 🟥 အခြားသူများ၏ ကုန်ပစ္စည်းများ ၊ ခရီးဆောင်အိတ်များကို ပြည်ပသို့ သယ်ဆောင်ပေးသည့် ကြားခံလူအဖြစ် မလုပ်ကြရန် ရဲတပ်ဖွဲ့က အကြံပြု

ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသား ခရီးသွားများအနေဖြင့် ဆေးခြောက်များကို ပြည်ပသို့ မှောင်ခိုမယူဆောင်ကြရန် ထိုင်းရဲတပ်ဖွဲ့က သတိပေးလိုက်သည်။

ပြစ်မှုကျူးလွန်သူများသည် ထိုင်းနိုင်ငံတွင် ထောင်ဒဏ်ကျခံရနိုင်သည့်အပြင် ပြည်ပနိုင်ငံများတွင် ယခုထက်ပို၍ ပြင်းထန်သော ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံမှ မှောင်ခိုတင်သွင်းလာသည်ဟု ယူဆရသော ဆေးခြောက်များနှင့်ပတ်သက်သည့် နိုင်ငံတကာ မူးယစ်ဆေးဝါး ကုန်ကူးမှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က ယနေ့ ၊ တနင်္လာနေ့တွင် ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဌာန တာဝန်ခံနှင့် ထိုင်းရဲတပ်ဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ချာတူရာဖတ်ဖီရွမ်ကေအိုက မကြာသေးမီက ဖြစ်ပွားခဲ့သော ဖြစ်စဉ် သုံးခုကို ကိုးကား၍ ပြောကြားသည်။

ဟောင်ကောင်အကောက်ခွန်အရာရှိများသည် ထိုင်းနိုင်ငံမှ ရောက်ရှိလာသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် ဟောင်ကောင်ဒေသခံတစ်ဦးတို့ထံမှ အခြောက်လှန်းထားသော ဆေးခြောက် ၂၃ ကီလိုဂရမ်ခန့်ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးခဲ့သည်။

အင်ဒိုနီးရှား အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ သည် မလေးရှားနှင့် တရုတ်နိုင်ငံသား သံသယရှိသူများကို လိုက်လံဖမ်းဆီးနေစဉ်အတွင်း ထိုင်းနိုင်ငံမှ အစပြုလာသည်ဟု ယူဆရသော အဆင့်မြင့်ဆေးခြောက် ၃.၃၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး ဆေးခြောက်မှောင်ခိုကွန်ရက်တစ်ခုကို ဖြိုခွင်းနိုင်ခဲ့သည်။

ပိုလန်နိုင်ငံ အာဏာပိုင်များသည် ထိုင်းနိုင်ငံမှ တင်ပို့လိုက်သော ကုန်သေတ္တာတစ်ခုအတွင်းရှိ ဆောက်လုပ်ရေးအုတ်ခဲများထဲ၌ ဝှက်ထားသည့် ဆေးခြောက် ၁.၂ တန်ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၈ ဦးကို ဖမ်းဆီးခဲ့သည်။

ထိုင်းနိုင်ငံပြင်ပသို့ ဆေးခြောက်၊ ဆေးခြောက်အဖူးများ ၊ ဆေးခြောက်ပါဝင်သော ပစ္စည်းများကို သယ်ဆောင်ခြင်း၊ မှောင်ခိုကူးခြင်း ၊ သယ်ဆောင်ခယူ၍ ကူညီသယ်ဆောင်ပေးခြင်းမျိုး မပြုလုပ်ကြရန် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများကို ရဲတပ်ဖွဲ့က သတိပေးထားသည်။

ထိုင်းနိုင်ငံအတွင်း၌ ဆေးခြောက်ကို အချို့သော ဆေးဝါးကုသမှုဆိုင်ရာ ရည်ရွယ်ချက်များအတွက် တရားမဝင်အဖြစ်မှ တစ်စိတ်တစ်ပိုင်း ပယ်ဖျက်ပေးထားသော်လည်း ပြည်ပသို့ တင်ပို့ခြင်းကိုမူ တင်းကျပ်စွာ ကန့်သတ်ထားဆဲဖြစ်ပြီး၊ ရောက်ရှိမည့် နိုင်ငံအများအပြားတွင်လည်း ဆေးခြောက်သည် တရားမဝင်ပစ္စည်းအဖြစ် ရှိနေဆဲဖြစ်သည်။

ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က သက်ဆိုင်ရာ ဥပဒေကြောင်းအရထောင်ဒဏ် ၁၀ နှစ်အထိဖြစ်စေ၊ ကုန်ပစ္စည်းတန်ဖိုး (အကောက်ခွန်အပါအဝင်) ၏ လေးဆအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြသည်။

ထိုင်းရိုးရာဆေးပညာ အသိပညာ အကာအကွယ်ပေးရေးနှင့် မြှင့်တင်ရေး အက်ဥပဒေ အရထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ဘတ် ၂၀,၀၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ၊ ထိန်းချုပ်ဆေးဖက်ဝင်အပင်များ (ဆေးခြောက်) ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ဘတ် ၂၀,၀၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း အသိပေးသည်။

နိုင်ငံအများအပြားတွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး မှောင်ခိုမှုများအတွက် ရေရှည်ထောင်ဒဏ်မှသည် တစ်သက်တစ်ကျွန်းထောင်ဒဏ် သို့မဟုတ် သေဒဏ်အထိ ပြစ်ဒဏ်များ ချမှတ်နိုင်ကြောင်းသိရသည်။

ခရီးသွားများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် နိုင်ငံဖြတ်ကျော် ဆေးခြောက်မှောင်ခိုကွန်ရက်များတွင် ပါဝင်ပတ်သက်မိခြင်းမျိုး မရှိစေရန် ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။

ခရီးသွားများအနေဖြင့် သူစိမ်းများ ၊ သိကျွမ်းသူများထံမှဖြစ်စေ ပြည်ပသို့ သယ်ဆောင်ရန် ခရီးဆောင်အိတ်၊ ပါဆယ်ထုပ် ၊ အခြားပစ္စည်းများကို မည်သည့်အခါမျှ လက်မခံရန် အာဏာပိုင်များက အကြံပြုထားသည်။

အကယ်၍ ပိတ်ပင်ထားသော ပစ္စည်းများ တွေ့ရှိပါက သယ်ဆောင်လာသူတွင် လက်ဝယ်ထားရှိမှုနှင့် မှောင်ခိုမှုတို့ဖြင့် ဥပဒေကြောင်းအရ တာဝန်ရှိမည်ဖြစ်သည်။

ခရီးသွားများအနေဖြင့်လည်း ခရီးမထွက်ခွာမီ ၎င်းတို့၏ ခရီးဆောင်အိတ်များအတွင်း ဆေးခြောက် သို့မဟုတ် တိုင်းရင်းဆေးရှူဆေး၊ လက်ဖက်ရည်၊ မုန့် ၊ အလှကုန်ပစ္စည်းများအပါအဝင် ဆေးခြောက်ပါဝင်သော ပစ္စည်းများ ပါရှိခြင်းမရှိစေရန် သေချာစွာ စစ်ဆေးသင့်သည်။

အခြားသူများအတွက် ကုန်ပစ္စည်းများ သို့မဟုတ် ခရီးဆောင်အိတ်များကို ပြည်ပသို့ သယ်ဆောင်ပေးသည့် ကြားခံလူအဖြစ် အလုပ်မလုပ်ကြရန် ရဲတပ်ဖွဲ့က ဆက်လက်အကြံပြုထားသည်။

ထို့ပြင် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများသည် ၎င်းတို့၏ တရားမဝင်လုပ်ငန်းများကို ကာကွယ်ရန်အတွက် လူပုဂ္ဂိုလ်များကို လှည့်ဖြားခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ အတင်းအကျပ်စေခိုင်းခြင်း သို့မဟုတ် အန္တရာယ်ပြုခြင်းတို့ပင် လုပ်ဆောင်နိုင်ကြောင်း ရဲတပ်ဖွဲ့ကဖြည့်စွက်ပြောကြားသည်။

ဆေးခြောက်မှောင်ခိုကူးမှု သို့မဟုတ် မှောင်ခိုကွန်ရက်များက အွန်လိုင်းမှတစ်ဆင့် လူစုဆောင်းနေမှုများနှင့်ပတ်သက်၍ သံသယရှိဖွယ် သတင်းအချက်အလက်များ ရရှိပါက ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားသည့် ထိုင်းရဲတပ်ဖွဲ့၏ ဟော့လိုင်းဖုန်းနံပါတ် ၁၉၁ ၊ ၁၅၉၉ သို့ ဆက်သွယ်သတင်းပို့ကြရန် တိုက်တွန်းထားသည်။

Ref / Photo – Khaosod