ထိုင်းနိုင်ငံတွင် တရုတ်ကလေးငယ် ၁၆၄ ဦးကို ထိုင်းနိုင်ငံသားဖြစ်ခွင့် ရရှိစေရန် ကူညီပေးခဲ့သည်ဟု ဆိုကာမွေးစာရင်းအတု ပြုလုပ်ပေးသည့် ဆေးရုံနှင့် ခရိုင်ရုံး ဝန်ထမ်းများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
၎င်းကလေးများ၏မွေးစာရင်းတွင် ထိုင်းဖခင်အမည်အတုများ အသုံးပြုထားခြင်းဖြစ်ကြောင်းထိုင်းသတင်းက ဖော်ပြသည်။
ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆမ်ရန်သည် ယနေ့ ၊ ဇူလိုင်လ ၉ ရက် ၊ ကြာသပတေးနေ့တွင် မြို့တော်ရဲတပ်ဖွဲ့ဝင်များကို ဦးဆောင်ကာ ယင်းအမှုကိုအရှိန်အဟုန်မြှင့် နှိမ်နင်းရန် ပြင်ဆင်နေကြောင်းပြောကြားသည်။
အဆိုပါ စစ်ဆင်ရေးသည် ဘန်ကောက်မြို့ သွန်ဘူရီ (Thonburi) ဘက်ခြမ်းရှိ ဆေးရုံတစ်ခုမှ ဝန်ထမ်းများ၊ ခရိုင်ရုံးတစ်ခုမှ အရာရှိများနှင့် ပူးပေါင်းကာ နိုင်ငံခြားသား ကလေးငယ်များအတွက် ဖခင်ဖြစ်ကြောင်း မမှန်မကန် ဝန်ခံပေးခဲ့သည့် ငွေယူသည့် ထိုင်းဖခင်အတုများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်းသိရသည်။
ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့သည် သွန်ဘူရီရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ ဆေးမှတ်တမ်းအရာရှိတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။
ရဲတပ်ဖွဲ့က သူမသည် အဆိုပါ တရုတ်မွေးကင်းစကလေးများအတွက် ပွဲစားအဖြစ် ဆောင်ရွက်
ခဲ့ပြီး ဘတ် ၇၀,၀၀၀ တန် ပက်ကေ့ဂျ်ဖြင့် အဆိုပါဆေးရုံတွင် ကလေးမွေးဖွားရန် လာရောက်သည့် တရုတ်ဖောက်သည်များကို ရှာဖွေစုဆောင်းပေးရသူ ဖြစ်ကြောင်းပြောကြားသည်။
ရဲတပ်ဖွဲ့ က သူမသည် လိုအပ်သော စာရွက်စာတမ်းများကို ဆောင်ရွက်ပေးခြင်းနှင့် ညှိနှိုင်းပေးခြင်းများအတွက် တစ်မှုလျှင် ဘတ် ၂၀,၀၀၀ ခန့် ရရှိခဲ့ပြီး ယင်းလုပ်ငန်းကို လုပ်ကိုင်လာသည်မှာ ၅ နှစ်ကျော်ပြီဟု ဆိုသည်။
ဆေးရုံမှတ်တမ်းများကို စစ်ဆေးရာတွင် လွန်ခဲ့သည့် ၅ နှစ်အတွင်း ထိုင်းဖခင်များကို အသုံးပြု၍ မွေးစာရင်းပြုလုပ်ထားသည့် တရုတ်ကလေးငယ် ၁၆၄ ဦးကို တွေ့ရှိခဲ့သည်။
ရဲတပ်ဖွဲ့သည် ထိုင်းဖခင်များနှင့် ပတ်သက်သည့် ကိုယ်ဝန်ဆောင်စဉ် မှတ်တမ်းများကို မတွေ့ရှိရ
ကြောင်း ၊ နောက်ပိုင်းတွင် ထိုင်းအမျိုးသားများက ဖခင်ဖြစ်ကြောင်း လာရောက်ဝန်ခံခဲ့ကြသဖြင့် ဆေးရုံက ၎င်းတို့အား ဖခင်အဖြစ် ဖော်ပြထားသည့် မွေးစာရင်းစာရွက်စာတမ်းများ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘန်ကောက်ရဲတပ်ဖွဲ့ ရဲဗိုလ်ချုပ် ချိုတီဝပ်က သံသယရှိသူအား ဥပဒေကြောင်းအရ အရေးယူထား
ကြောင်း ပြောကြားသည်။
ထိုင်းရဲတပ်ဖွဲ့သည် သွန်ဘူရီဧရိယာရှိ ခရိုင်ရုံးအရာရှိတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ၎င်းသည် တရုတ်ကလေးငယ်များအတွက် ဖခင်အဖြစ် မှတ်ပုံတင်ခြင်းနှင့် မွေးစာရင်းများ ထုတ်ပေးခြင်းတို့ကို ကူညီပေးခဲ့သည့် ပူးပေါင်းကြံစည်သူအဖြစ် စွဲချက်တင်ထားသည်။
ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးများက သံသယရှိသူ နှစ်ဦးလုံးကို မြို့တော်ရဲတပ်ဖွဲ့ (၈) သို့ ခေါ်ဆောင်သွားခဲ့သည်။
အဆိုပါ လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသည့် တရုတ်ကလေးငယ်များ၏ မိဘများနှင့် ဆက်နွှယ်နေသည့် နေအိမ်များကို ဝင်ရောက်စီးနင်းရန်အတွက်လည်း ရှာဖွေဝရမ်းများ လျှောက်ထားနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
#MigrantTimes
#ရွှေ့ပြောင်း
#အလုပ်သမား
#ထိုင်း
#thailand
Facebook https://www.facebook.com/migranttimes
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttime