MMK Hub
News

ထိုင်းရှိ အလုပ်သမားများ ပူပြင်းသောရာသီဥတုနှင့် ဆက်စပ်ရောဂါများ သတိပြုရန်ထုတ်ပြန်

ထိုင်းနိုင်ငံရှိ အလုပ်သမားများအနေဖြင့် ပူပြင်းသောရာသီဥတုနှင့် ဆက်စပ်သည့် ရောဂါဝေဒနာများကို သတိပြုကြရန် လူမှုဖူလုံရေးရုံးက သတိပေးနှိုးဆော်သည်။

၎င်းတို့အနေဖြင့် ပူပူနွေးနွေး စားသောက်ရန်၊ ဇွန်းကို အသုံးပြုရန်၊ လက်ဆေးရန်နှင့် ကျန်းမာရေးကို ဂရုစိုက်ရန် အကြံပြုထားသည်။ အရေးပေါ် ကျန်းမာရေးအခြေအနေများ ကြုံတွေ့ရပါက ဆေးကုသမှုကို အခမဲ့ ချက်ချင်းခံယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ယနေ့ ၊ ဇူလိုင်လ ၆ ရက်နေ့တွင် လုပ်ငန်းခွင်ဝန်ကြီးဌာနအောက်ရှိ လူမှုဖူလုံရေးရုံး (SSO) ၏ အထွေထွေအတွင်းရေးမှူးချုပ် မစ္စကန်ကျနာဖူးကယောက်က လူမှုဖူလုံရေးရုံးအနေဖြင့် အာမခံထားသူများအား ပူပြင်းသောရာသီဥတုနှင့် ဆက်စပ်သည့် ရောဂါဝေဒနာများကို အထူးသတိပြုကြရန် ပြောသည်။

ထိုင်းနိုင်ငံသည် အလွန်ပူပြင်းသော ရာသီဥတုကာလအတွင်းသို့ ရောက်ရှိနေသဖြင့် မသန့်ရှင်းသော အစားအစာနှင့် သောက်ရေတို့ကြောင့် အလုပ်သမားများနှင့် အာမခံထားသူများတွင် ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလျက်ရှိသည်။

အဆိုပါ ရောဂါပိုးမွှားများသည် ထိုကဲ့သို့သော ရာသီဥတုအခြေအနေတွင် လျင်မြန်စွာ ပေါက်ဖွားပြန့်ပွားနိုင်သည်။ ပူပြင်းသောရာသီဥတုအတွင်း သတိပြုရမည့် ရောဂါများတွင် အူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်သည့် ဝမ်းကိုက်ခြင်း၊ အစားအစာအဆိပ်သင့်ခြင်း၊ တိုက်ဖွိုက် နှင့် ကာလဝမ်းရောဂါတို့အပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ အရေပြားရောဂါများ၊ ခွေးရူးပြန်ရောဂါနှင့် စိတ်ဖိစီးမှုတို့ ပါဝင်သည်။

ထို့ပြင် အလွန်အမင်းပူပြင်းသော ရာသီဥတုသည် အထူးသဖြင့် ပြင်ပတွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်ရသူများအတွက် အသက်အန္တရာယ်အထိ စိုးရိမ်ရသည့် အပူလျှပ်ခြင်း (Heatstroke) ကိုလည်း ဖြစ်ပွားစေနိုင်သည်။

လူမှုဖူလုံရေးရုံးသည် အခြေခံကျန်းမာရေးစောင့်ရှောက်မှု လမ်းညွှန်ချက်များကို အကြံပြုထားပြီး ရေခဲ နှင့် အလွန်အေးသော အချိုရည်များကို ရှောင်ကြဉ်ရန်၊ ချွေးထွက်ပြီးပြီးချင်း လေတိုက်နှုန်းပြင်းသောနေရာ ၊ အေးလွန်းသောအပူချိန်တွင် ချက်ချင်းလဲလျောင်းခြင်းမပြုရန် (ခန္ဓာကိုယ်အပူချိန် ရုတ်တရက်ပြောင်းလဲမှုကို ဖြစ်စေနိုင်သောကြောင့်) သတိပေးထားသည်။

ထို့ပြင် လုံလောက်စွာ အနားယူရန်၊ ဆန်ပြုတ်နှင့် သစ်သီးဝလံများကဲ့သို့ အစာကြေလွယ်သော အစားအစာများကို ရွေးချယ်စားသောက်ရန်နှင့် အကြော်အလှော်များ၊ အဆီအစိမ့်များ၊ ခြောက်သွေ့သောအစာများကို ရှောင်ကြဉ်ရန် အကြံပြုထားသည်။

လူမှုဖူလုံရေးရုံး အထွေထွေအတွင်းရေးမှူးချုပ်က အာမခံထားသူများ ဖျားနာပါက သတ်မှတ်ထားသော ဆေးဘက်ဆိုင်ရာဌာနတွင် မည်သည့်ကုန်ကျစရိတ်မျှ မရှိဘဲ ချက်ချင်း ဆေးကုသမှု ခံယူနိုင်ကြောင်း ဆိုသည်။

သတ်မှတ်ထားသော ဆေးဘက်ဆိုင်ရာဌာနတွင် ဆေးကုသမှု မခံယူနိုင်သည့် အရေးပေါ်အခြေအနေများ၌ အနီးဆုံးဆေးရုံတွင် ဦးစွာ ဆေးကုသမှု ခံယူနိုင်သည်။

ဆွေမျိုးများ သို့မဟုတ် သက်ဆိုင်သူများအနေဖြင့် လူနာလွှဲပြောင်းခြင်းနှင့် ကုန်ကျစရိတ် စီမံခန့်ခွဲမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် သတ်မှတ်ထားသော ဆေးဘက်ဆိုင်ရာဌာနသို့ ချက်ချင်း အကြောင်းကြားရမည်ဖြစ်ကြောင်း လူမှုဖူလုံရေးရုံးကထုတ်ပြန်သည်။

အကြောင်းမကြားမီ ကုန်ကျခဲ့သော စရိတ်စကများအတွက် လူမှုဖူလုံရေးရုံးက သတ်မှတ်ထားသော လမ်းညွှန်ချက်များအတိုင်း ပထမ ၇၂ နာရီစာကို ကျခံပေးမည်ဖြစ်သည်။ ဆေးကုသစရိတ်ကို ကြိုတင်စိုက်ထုတ်ပေးထားသော အာမခံထားသူများသည် အကျိုးခံစားခွင့်တောင်းခံလွှာ (SSO 2-01)၊ ဆေးစာအုပ်/ဆေးထောက်ခံစာ၊ ငွေရပြေစာများနှင့် ဘဏ်စာအုပ်မိတ္တူ စသည့် စာရွက်စာတမ်းများကို အသုံးပြု၍ ပြန်လည်တောင်းခံနိုင်သည်။

အသေးစိတ်အချက်အလက်များကို လူမှုဖူလုံရေးရုံးများနှင့် ဖုန်းနံပါတ် ၁၅၀၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။

Ref – thairath