ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊ ပထုံဝမ်ဒေသရှိ ဖျော်ဖြေရေးဆိုင် ၂ ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ပြီးဥပဒေနှင့်မညီသည့် မြန်မာလုပ်သား ၁၄ ဦးကိုဖမ်းဆီးခဲ့ကြောင်း အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဆွန်ချိုင်းကယနေ့ ပြောကြားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့တွင် အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန(DOE)သည် တာဝန်ရှိသူများနှင့် ပူးပေါင်းကာ တိုင်ကြားချက်များရရှိထားသည့် ဘန်ကောက်မြို့၊ ပထုံဝမ်ခရိုင်ရှိ ဖျော်ဖြေရေးဆိုင် ၂ ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း DOE ကထုတ်ပြန်သည်။
စစ်ဆေးချက်အရ ပထမဆိုင်တွင် လုပ်ကိုင်ခွင့်ရှိသည့် အလုပ်အမျိုးအစားအပြင် အခြားအလုပ်ကို လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး ၊ ဒုတိယဆိုင်ရှိ မြန်မာနိုင်ငံသား ၁၃ ဦးမှာ
အလုပ်သမားလုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေပြီး နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးနေသူများ ၊ အလုပ်စတင်ဝင်ရောက်သည့်နေ့မှ ၁၅ ရက်အတွင်း အလုပ်ရှင်အမည်၊ လုပ်ငန်းခွင်တည်နေရာနှင့် အဓိကလုပ်ကိုင်သည့် အလုပ်အမျိုးအစားတို့ကို မှတ်ပုံတင်အရာရှိထံ အကြောင်းကြားရန် ပျက်ကွက်ခဲ့ကြသူများဖြစ်ကြောင်း DOE ကဆိုသည်။
တာဝန်ရှိသူများက ထိုင်းအလုပ်ရှင် ၂ ဦးကိုလည်း ရွှေ့ပြောင်းလုပ်သားများအား ခွင့်ပြုချက်မရှိသောအလုပ်ကို လုပ်ကိုင်ခွင့်ပြုမှု၊ အလုပ်သမားလုပ်ကိုင်ခွင့်လက်မှတ်မရှိသူကို အလုပ်ခန့်အပ်မှုနှင့် အလုပ်ခန့်အပ်သည့်နေ့မှ ၁၅ ရက်အတွင်း လုပ်သား၏အမည်၊ နိုင်ငံသားနှင့် လုပ်ငန်းအမျိုးအစားတို့ကို မှတ်ပုံတင်အရာရှိထံ အကြောင်းကြားရန် ပျက်ကွက်မှုတို့ဖြင့် အမှုဖွင့် အရေးယူထားသည်။
တာဝန်ရှိသူများသည် ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ရန် လုမ္ပဏီနီရဲစခန်းထံ လွှဲပြောင်းထိန်းသိမ်းခဲ့သည်။
“ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အလုပ်သမားလုပ်ကိုင်ခွင့်လက်မှတ် (Work permit) ရှိရမှာဖြစ်ပြီး ဥပဒေကို လိုက်နာရပါမယ်။ ဥပဒေဖောက်ဖျက်ရင် ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ငွေရိုက်ခံရမှာဖြစ်ပြီး မိမိတို့နိုင်ငံကို ပြန်လည်နှင်ထုတ်ခံရမယ့်အပြင် ၂ နှစ်အတွင်း အလုပ်သမားလုပ်ကိုင်ခွင့်လက်မှတ်အသစ် ထပ်မံလျှောက်ထားခွင့် ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်”ဟု အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။
“အလုပ်သမားလုပ်ကိုင်ခွင့်လက်မှတ်မရှိသူကို အလုပ်ခန့်တဲ့ လုပ်ကိုင်ခွင့်ရှိတဲ့ အလုပ်အမျိုးအစားအပြင် အခြားအလုပ်ကို လုပ်ကိုင်ခွင့်ပြုတဲ့ အလုပ်ရှင် ဒါမှမဟုတ် လုပ်ငန်းခွင်တွေအနေနဲ့ကတော့ လုပ်သား ၁ ဦးလျှင် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀ဝ အထိ ဒဏ်ငွေချမှတ်ခံရမှာဖြစ်ပြီး၊ ထပ်မံကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ်ထက်မပိုသော ပြစ်ဒဏ် သို့မဟုတ် လုပ်သား ၁ ဦးလျှင် ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရမယ့်အပြင် ၃ နှစ်တာကာလအတွင်း ရွှေ့ပြောင်းလုပ်သား ငှားရမ်းခွင့်ကို ပိတ်ပင်သွားမှာ ဖြစ်ပါတယ်” ဟု၎င်းကဆက်ပြောသည်။