မြန်မာ ၊ လာအိုနဲ့ ဗီယက်နမ်လုပ်သားတွေကို လုပ်ကိုင်ခွင့် ၁ နှစ်တိုးပေးဖို့ ထိုင်းအစိုးရအတည်ပြု
ထိုင်းနိုင်ငံရှိ မြန်မာ ၊ လာအိုနဲ့ ဗီယက်နမ်အလုပ်သမားတွေကို အလုပ်လုပ်ကိုင်ခွင့်သက်တမ်း ၁ နှစ်တိုးပေးဖို့ ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်တယ်လို့ အလုပ်သမားဝန်ကြီး မစ္စတာ ဂျုလဖန်အမ်ရာဗီဗတ်ကပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ ကက်ဘိနက်အစည်းအဝေးမှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်စွဲပါ သတ်မှတ်ထားတဲ့အတိုင်း မြန်မာ၊ လာအိုနဲ့ ဗီယက်နမ် အလုပ်သမားတွေရဲ့ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကို တိုးမြှင့်ပေးဖို့ အတည်ပြုခဲ့တာလို့ အလုပ်သမားဝန်ကြီးကဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတင်ထားခဲ့ကြတဲ့ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ် အလုပ်သမားတွေကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ အလုပ်လုပ်ကိုင်ခွင့်ပြုထားတာပါ။
ဒီအလုပ်သမားတွေကို ၂၀၂၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်ခွင့် ၁ နှစ် ပြုလုပ်ပေးမှာဖြစ်ပြီး အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာနက ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာရမယ်လို့သိရပါတယ်။
အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာနစာရင်းအရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ အလုပ်လုပ်ကိုင်ခွင့် ရရှိထားတဲ့ နိုင်ငံခြားသားအလုပ်သမား အရေအတွက်မှာ ခန့်မှန်းခြေ ၇၇၀,၀၀၀ ဦးခန့်ရှိပါတယ်။
အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆုမ်ချိုင်း မိုရာကော့တ်ကလည်း နိုင်ငံကူးလက်မှတ် ၊ စာရွက်စာတမ်း မရှိသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ကာလအတွင်း ဆက်လက်ဆောင်ရွက်ရမယ်လို့ပြောပါတယ်။
Smart Card စောင့်ဆိုင်းနေစဉ်အတွင်း ယာယီအလုပ်လုပ်ကိုင်ခွင့်ပါမစ် (Type B, Form 62) ကို ထုတ်ပေးမယ်လို့ မစ္စတာ ဆုမ်ချိုင်းကပြောပါတယ်။
ယာယီအလုပ်လုပ်ကိုင်ခွင့်ပါမစ်ဟာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြားနဲ့ အလုပ်လုပ်ကိုင်ခွင့်ပါမစ် ထုတ်ပေးရေးဝန်ဆောင်မှုစင်တာတွေမှာ သတ်မှတ်ထားတဲ့ ရက်စွဲအထိ အကျုံးဝင်မယ်လို့ဆိုပါတယ်။
မေးမြန်းလိုတာတွေရှိရင် ဘန်ကောက်မြို့တော် အလုပ်အကိုင်ခန့်ထားရေးရုံး နယ်မြေ ၁ – ၁၀၊ တစ်နိုင်ငံလုံးရှိ ခရိုင်အလုပ်အကိုင်ခန့်ထားရေးရုံးတွေနဲ့ အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာနရဲ့ ဟော့လိုင်းဖုန်းနံပါတ် ၁၅၀၆ ကို ခေါ်ဆိုပြီး နံပါတ် ၂ ကို နှိပ်ကာ မေးမြန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ ဂျုလဖန်အမ်ရာဗီဗတ် ။
Photo – DOE
#MigrantTimes
#အလုပ်သမား
#ရွှေ့ပြောင်း
#ထိုင်း
#thailand
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes