ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီခရိုင် ၊ စံခလဘူရီမြို့နယ်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၆ ဦးကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၄ ရက်နေ့ညမှာဖမ်းဆီးခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့ နယ်စပ်တပ်ဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇူလိုင်လ ၄ ရက်ညက စံခလဘူရီမြို့နယ်၊နောင်လူးကျေးရွာအုပ်စုရှိ နယ်စပ်လမ်းကြောင်းတစ်လျှောက်မှာ ကင်းလှည့်စဉ်အတွင်း ကလေးပါတဲ့ မြန်မာလုပ်သား ၁၁ ဦးကိုတွေ့ရှိခဲ့ပါတယ်။
သူတို့တွေကိုနမ်ကစ်ဂိတ်ကို ခေါ်ဆောင်ခဲ့ပြီး စစ်ဆေးချိန်မှာ သေခံကတ်ပြားနဲ့ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ပြုတဲ့ အထောက်အထားစာရွက်စာတမ်းတွေေ ပြသနိုင်ခြင်း မရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
သူတို့တေွကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း ဝင်ရောက် နေထိုင်ခြင်းစွဲချက်နဲ့အရေးယူထားတယ်လို့သိရပါတယ်။
အလားတူ ဇူလိုင်လ ၄ ရက်နေ့ညမှာပဲ စံခလဘူရီမြို့နယ် ၊ ဘန့်ဆမ်လန့် တောစပ်အနီးမှာတရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၁၅ ဦးကိုတွေ့ရှိခဲ့တာကြောင့် နယ်စပ်တပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းကဖော်ပြပါတယ်။
Photo – KhaodenKanNews / Kanchanaburi News

