MMK Hub
News

မြန်မာလုပ်သား ၅ဝ ကျော်ကို အလုပ်ရှင်က တာဝန်မယူတဲ့အတွက်တိုင်ကြား

ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်မှာ အလုပ်ထုတ်ခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၆၆ ဦးထဲက ၁၅ ဦးကိုသာ အလုပ်ရှင်က အလုပ်သစ်ရှာပေးနေတာကြောင့် ကျန်ရှိအလုပ်သမားတွေ အခက်အခဲဖြစ်နေကြပါတယ်။
ကျန်ရှိတဲ့ အလုပ်သမား ၅၁ ဦးကို အလုပ်ရှင်ဘက်က တာဝန်ယူမှုမရှိတာကြောင့် WAG အဖွဲ့နဲ့ FED ရဲ့ အလုပ်သမားဖွံ့ဖြိုးတိုးတက်ရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်စဝဒ်ဒီကန်ရုံး(အလုပ်သမားရုံး)မှာ ဇူလိုင်လ ၁ဝ ရက်နေ့က ထပ်မံတိုင်ကြားခဲ့ပါတယ်။
“၁၅ ဦးက ကျန့်ခေါက်(အလုပ်လျှောက်အထောက်အထား)ထားတဲ့အတွက် သူတို့က လုပ်ပေးတာပေါ့။ ကျန်တဲ့လူတွေက ကျန့်မခေါက်ထားလို့ဆိုပြီးတော့ သူတို့က တာဝန်မယူတာပါ” လို့ WAG အဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောပါတယ်။
အလုပ်ရှင်က အဲ့ဒီ ၁၅ ဦးကိုပဲ အလုပ်နားနေတဲ့ကာလအတွင်း လစာရဲ့ ၇၅ ရာခိုင်နှုန်းပေးပြီး ကျန်လုပ်သားတွေကို တာဝန်ယူမှု မရှိသေးဘူးလို့ WAG အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီအလုပ်သမားတွေက ချွန်ဘူရီမြို့နယ်က ပန်ကာထုတ်လုပ်တဲ့စက်ရုံက ဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့မှာ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံခဲ့ရတာပါ။
အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၁၀၆ ဦး ရှိပေမဲ့ လာရောက်အကူညီတောင်းခဲ့သူ ၆၆ ဦးသာ ရှိခဲ့တယ်လို့ WAG အဖွဲ့ကပြောပါတယ်။
အလုပ်သမားတွေက အဲ့ဒီစက်ရုံမှာ အလုပ်ရဖို့အတွက် အေဂျင်စီထံမှာ ၁ ဦးကို စမတ်ခ (အလုပ်လျှောက်သွင်းပေးခ) ဘတ် ၇၀၀၀ ကနေ ဘတ် ၇၅၀၀နဲ့ ကျန့်ခေါက်ခ (အလုပ်လျှောက်အထောက်အထား) ဘတ် ၄၅၀၀ အသီးအသီးပေးခဲ့ရတယ်လို့ သိရပါတယ်။
အလုပ်ရှင်ကနေ လုပ်သက်အလိုက်နစ်နာကြေးမပေးတာတွေ၊ ဥပဒေအရ ရရှိသင့်တဲ့အခွင့်အရေးတွေ လုံးဝမပေးတာတွေကြောင့် အလုပ်သမားတွေက WAG အဖွဲ့ကို ဇူလိုင်လ ၇ ရက်‌နေ့မှာ အကူအညီတောင်းခဲ့ကြတာ ဖြစ်ပါတယ်။
Photo – WAG

#MigrantTimes
#မြန်မာအလုပ်သမား
#ရွှေ့ပြောင်း
#ထိုင်း
#thailand

YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes