MMK Hub
News

ထိုင်းက မြန်မာလုပ်သား ၃၈ ဦး ကိုးလနီးပါးကြာမှ နစ်နာကြေးရမယ်

ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်၊ အုန်းယိုင်မှာ အလုပ်ထုတ်ခံခဲ့ရတဲ့ မြန်မာလုပ်သား ၃၈ ဦးရဲ့နစ်နာကြေးတွေကို ကိုးလနီးပါးကြာမှသာ အလုပ်ရှင်ကပေးမယ်လို့ သဘောတူခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ကထုတ်ပြန်ပါတယ်။
အလုပ်ရှင်က နစ်နာကြေးတွေကို တစ်လစီ လေးခါခွဲပေးမယ်လို့ မနေ့က ဇူလိုင်လ ၁၂ ရက်နေ့မှာ အလုပ်သမားတရားရုံးရဲ့ တရားသူကြီးနဲ့ MHAC အဖွဲ့ရှေ့နေတွေ အရှေ့မှာ လက်မှတ်ထိုးခဲ့တယ်လို့ MHAC အဖွဲ့ကဆိုပါတယ်။
“သူတို့က (မြန်မာအလုပ်သမားများ) နှစ်သက်တမ်းကြီးတဲ့လူတွေပါတယ်။ လုပ်သက်လိုက်ပြန်တွက်မယ်ဆိုရင် သူဌေးဘက်က တလုံးတခဲပေးဖို့အဆင်မပြေဘူး။ အဆင်မပြေဘူးဆိုတော့ သူဌေးဘက်က ညှိတာပေါ့နော်။
အကုန်လုံးပေးဖို့ဆိုတာထက် ခွဲပြီးတော့ပေးပါရစေပေါ့။ ဒါကိုလည်း အလုပ်သမားတွေက သဘောတူခဲ့ပါတယ်” လို့ MHAC အဖွဲ့၊ အမှုနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဇင်က Migrant Times ကိုပြောပါတယ်။
အလုပ်ရှင်အနေနဲ့ နစ်နာကြေးပေးမယ်လို့ လက်မှတ်ထိုးပြီး ထပ်မံတိန်းရှောင်ရင် ထပ်ပြီးတရားစွဲသွားမယ်လို့ ကိုဇင်က ဆက်ပြောပါတယ်။
မြန်မာအလုပ်သမားတွေဟာ အုန်းယိုင်ဒေသရှိ ပိတ်စဆေးဆိုးပန်းရိုက် အလုပ်ရုံတစ်ခုမှာအလုပ်လုပ်ခဲ့ကြတာပါ။ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလမှာ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အလုပ်ထုတ်ခံရတာဖြစ်ပါတယ်။
လုပ်သက် ၃ လကျော် ကနေ နှစ်ပေါင်း ၂၀ ကျော်သက်တမ်းရှိသူတွေ ပါဝင်တယ်လို့ သိရပါတယ်။
နစ်နာကြေးရရှိဖို့အတွက် ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၆ ရက်နေ့ကစပြီး နယ်မြေခံစဝါဒီကန် အလုပ်သမားရုံးမှာ စတင်အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်တယ်လို့ MHAC အဖွဲ့က ထုတ်ပြန်ပါတယ်။
Photo – MHAC

#MigrantTimes
#အလုပ်သမား
#ရွှေ့ပြောင်း
#ထိုင်း
#thailand

YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes