MMK Hub
News

ဘတ် ၄ဝ တန် အစားအသောက်စီမံကိန်း ထိုင်းဆောင်ရွက်မည်

လာမည့်လတွင် အသင့်စားအစာအစာများကို တစ်ပွဲလျှင် ၄၀ ဘတ်နှုန်းဖြင့် ရောင်းချခွင့်ပြုမည့် စီမံကိန်းတစ်ခုကို စတင်ရန် အစိုးရက စီစဉ်နေကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အဆိုအရ သိရသည်။
ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး စုဖာဂျီ စုထမ်ဖန်(Suphajee Suthumpun) က အစားအသောက်ရောင်းချသူများကို ဘတ် ၄၀ တန် အစားအစာစီမံကိန်းတွင် ပါဝင်ရန် ဖိတ်ခေါ်နေကြောင်း ပြောကြားသည်။
အဆိုပါစီမံကိန်းကို ဇူလိုင်လကုန်တွင် စတင်နိုင်မည်ဟု မျှော်လင့်ထားပြီး စားဝတ်နေရေးစရိတ်များကို လျှော့ချရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
စီမံကိန်း၏ ကနဦးသက်တမ်းမှာ သုံးလဖြစ်သော်လည်း သက်တမ်းတိုးမြှင့်နိုင်ကြောင်းသိရသည်။
ထိုင်းတွင် လောင်စာဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အစားအသောက်ရောင်းချသူများက တစ်ပွဲလျှင် ၅ ဘတ်မှ ၁၀ ဘတ်အထိ စျေးနှုန်းမြှင့်တင်ခဲ့ကြပြီး ယခုအခါ ဈေးနှုန်းများမှာ ဘတ် ၅၀ ထက် ကျော်လွန်နေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောကြားသည်။
ထိုင်းအစိုးရက ယင်းအစီအစဉ်တွင် ပါဝင်မည့် ရောင်းချသူများကို ကုန်ကြမ်းထောက်ပံ့ကြေးအဖြစ် ရောင်းချသူတစ်ဦးလျှင် ဘတ် ၃,၀၀၀၊ ၅,၀၀၀ မှ ၁၀,၀၀၀ ဘတ်ထိ ပံ့ပိုးပေးမည်ဖြစ်သည်။ ထိုင်းအစိုးရသည် ထောက်ပံ့ကြေးပမာဏကို အတည်ပြုမည်ဖြစ်ပြီး ဘတ် ၄၀ တန်စာရင်းတွင် ပါဝင်မည့် ဟင်းလျာများကို ရွေးချယ်မည်ဖြစ်သည်။
အစားအသောက်ရောင်းချသူ အယောက် ၁ သိန်းခန့် ပါဝင်လာမည်ဟု မျှော်လင့်ကြောင်း စုဖာဂျီက ပြောသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအတွင်း၌ လက်ရှိဆောင်ရွက်နေသော “Thais Help Thais Plus” အကျိုးတူပူးတွဲပေးချေမှုအစီအစဉ်တွင် ပါဝင်နေသည့် အစားအသောက်ရောင်းချသူ ၂ သိန်းခွဲခန့်ကို အခြေခံ၍ ၎င်းက ခန့်မှန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါစီမံကိန်းကို ယခုလ တတိယပတ်တွင် အစိုးရအဖွဲ့ (ကက်ဘိနက်) ထံတင်ပြမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောကြားသည်။ အစိုးရအဖွဲ့က အတည်ပြုပါက စီမံကိန်းကို သြဂုတ်လမတိုင်မီ အကောင်အထည်ဖော်နိုင်မည်ဟု ၎င်းက ဆိုသည်။
ရောင်းချသူများအနေဖြင့် မိမိတို့၏ သဘောဆန္ဒအလျောက်သာ ပါဝင်ရမည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
“ဒါက ပြည်သူတွေအတွက် အစားအစာ ရွေးချယ်စရာ နောက်တစ်ခု ဖြစ်စေမှာပါ။ ဝန်ကြီးဌာနအနေနဲ့ ပါဝင်တဲ့ ဆိုင်တွေမှာ ချိတ်ဆွဲဖို့ ရှင်းလင်းတဲ့ ဆိုင်းဘုတ်တွေကို ရိုက်နှိပ်ပေးသွားမှာပါ။ ဒီ စီမံကိန်းကို လူကြိုက်များမယ်ဆိုရင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးမယ့် စားသောက်ဆိုင်အရေအတွက်ကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တိုးချဲ့သွားနိုင်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး စုဖာဂျီက ပြောကြားသည်။
Ref – Bangkok Post
Photo – ထိုင်းဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ။