MMK Hub
News

Update – ဘန်ကောက် ဘီယာဆိုင်မီးလောင်မှု သေဆုံးသူ ၃ဝ ထိတိုး

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊လတ်ဖရောခရိုင်ရှိ Na Lat Phrao Brewery ဘီယာဆိုင်တွင် ဇူလိုင် ၁၂ ရက်နေ့ညသန်းခေါင်ခန့်၌ မီးအပြင်အထန်လောင်ကျွမ်းမှုကြောင့် ၂၇ ဦးဆိုင်အတွင်းသေဆုံးခဲ့သည်။
Chatuchak ခရိုင်ရုံး၏ ထုတ်ပြန်ချက်အရ ၎င်းဆိုင်မီးလောင်မှုကြောင့် နောက်ဆက်တွဲ သေဆုံးသူဦးရေမှာ ၃၀ ဦးအထိ မြင့်တက်လာပြီ ဖြစ်ကြောင်း Thai PBS သတင်းကယနေ့ဖော်ပြသည်။
မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ အရေအတွက်ကို ၇၁ ဦးအဖြစ် အာဏာပိုင်များက ပြင်ဆင်သတ်မှတ်ထားသည်။ ယင်းတို့အနက် ၂၅ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကာ၊ ၁၄ ဦးမှာ ဒဏ်ရာအလယ်အလတ် ရရှိပြီး ၃၂ ဦးမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။
ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည့် လူနာအားလုံး ဆေးရုံမှ ဆင်းသွားကြပြီဖြစ်သည်။
မီးလောင်ရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး၊ အာဏာပိုင်များက ပျောက်ဆုံးနေဆဲဖြစ်သော လူဦးရေကို ဆက်လက်အတည်ပြုလျက်ရှိသည်။
မီးလောင်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က သက်သေ ၁၇ ဦးကို စစ်ဆေးမေးမြန်းထားပြီး၊ ဆိုင်ပိုင်ရှင်၏ ညီမ (သို့မဟုတ်)အမဖြစ်သူသည် အဖြစ်အပျက်နှင့်ပတ်သက်၍ ယနေ့တွင် စုံစမ်းစစ်ဆေးရေးမှူးများနှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရကြောင်းထိုင်းသတင်းကဖော်ပြသည်။
ယခုသတင်းထုတ်ပြန်ချိန်အထိ လာအိုနိုင်ငံသားတစ်ဦးအပါအဝင် သေဆုံးသူ ၂၇ ဦး၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ကျန်ရှိသည့် သေဆုံးသူသုံးဦး၏ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ အာဏာပိုင်များက ဆက်လက်အတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်သည်။
ပြည်သူ့ကျန်းမာရေးဝန်ကြီး ပတ်ထနာ ပရွန်ဖတ်က ၎င်းဆိုင်ပိုင်ရှင်မှာ အထူးကြပ်မတ်ကုသဆောင်တွင် ရှိနေဆဲဖြစ်ပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ပြောကြားသည်။
ဆိုင်ပိုင်ရှင်သည် မီးလောင်မှုအတွင်းမှ လွတ်မြောက်ခဲ့သော်လည်း အခြားသူများကို ကူညီရန်အတွက် မီးထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။
ဝန်ကြီး ပတ်ထနာက ၎င်းအနေဖြင့် မနေ့က ရာဇာဝီသီ (Rajavithi) ဆေးရုံရှိ ဒဏ်ရာရလူနာများထံ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ လူနာသုံးဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ပြီး တစ်ဦးမှာ ဒဏ်ရာအလယ်အလတ်အဆင့်ရှိသည်ဟု သတ်မှတ်ထားကြောင်း ပြောကြားသည်။
ဆေးဘက်ဆိုင်ရာအဖွဲ့များအနေဖြင့် ဆေးရုံ ၁၇ ခုတွင် အကောင်းဆုံးကုသမှုများ ပေးဆောင်လျက်ရှိပြီး အထူးကုသမှုလိုအပ်သော လူနာများကို ဝန်ကြီးဌာနအတွင်းရှိ ဆေးရုံများသို့ လွှဲပြောင်းပေးနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
မီးလောင်ဒဏ်ရာ ပြင်းထန်သူများနှင့် အသက်ရှူလမ်းကြောင်း ထိခိုက်ဒဏ်ရာရရှိထားသူများသည် ပိုးဝင်နိုင်ခြေ မြင့်မားသဖြင့် လူနာအများအပြားမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း ပတ်ထနာက ဝန်ခံပြောကြားသည်။
“ပထမဆုံး ခုနစ်ရက်ကတော့ အထူးပဲ အရေးကြီးတဲ့ ကာလဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားပြီး သေဆုံးသူဦးရေ ထပ်မံ မတိုးပွားလာစေရန် ဆရာဝန်များက တတ်နိုင်သမျှ အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။
မီးလောင်မှုဖြစ်ပွားချိန်တွင် ဖျော်ဖြေနေသည့် ‘Totsakan’ တေးဂီတအဖွဲ့မှ အဖွဲ့ဝင်သုံးဦးဖြစ်သော အဆိုတော်၊ ကီးဘုတ်သမားနှင့် ဒရမ်သမားတို့သည် မီးလောင်မှုအတွင်း သေဆုံးသွားခဲ့သည်။
Ref – Khaosod / Thai PBS

#MigrantTimes
#ဘန်ကောက်
#ရွှေ့ပြောင်း
#ထိုင်း
#thailand

YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes