MMK Hub
News

ထိုင်းလုပ်ငန်းရှင် ၁ ဦးကို ထောင်ဒဏ် ၂,၆၇၃ နှစ်ချမှတ်

ထိုင်းနိုင်ငံတွင် လုပ်ငန်းရှင် ၁ ဦးဖြစ်သည့် ပရာဆစ် ဂျဲအိုခေါ့ (Prasit Jeawkok) ကိုထောင်ဒဏ် ၃၄၃ နှစ် ထပ်မံချမှတ်လိုက်ပြီး ၎င်း၏ စုစုပေါင်း ထောင်ဒဏ်သည် ၂,၆၇၃ နှစ်အထိ ရှိလာကြောင်း ထိုင်းသတင်းကဖော်ပြသည် ။
ပရာဆစ်သည် လိမ်လည်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူဖြစ်သည်။ ၎င်းအား ခရီးစဉ်ပက်ကေ့ဂျ်အတုများနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များဖြင့် လူ ၁၇၃ ဦးထံမှ လိမ်လည်ခဲ့မှုအတွက် ရာဇဝတ်တရားရုံးက အပြစ်ရှိကြောင်း ယနေ့တွင် ထောင်ဒဏ် ၃၄၃ နှစ် ထပ်မံချမှတ်ခဲ့သည်။
ထိုင်းဥပဒေအရ အမှန်တကယ် ကျခံရမည့် ထောင်ဒဏ်သက်တမ်းကို ကန့်သတ်ထားသော်လည်း ယခုနောက်ဆုံး စီရင်ချက်ကြောင့် ၎င်းအား ချမှတ်ထားသော စုစုပေါင်း ထောင်ဒဏ်သက်တမ်းမှာ ၂,၆၇၃ နှစ်အထိ ရှိလာခြင်းဖြစ်သည်။
တရားရုံးသည် ပရာဆစ် နှင့် ၎င်း၏ ထိန်းချုပ်မှုအောက်ရှိ ကုမ္ပဏီ ၃ ခုတို့သည် သက်သာသော ခရီးသွားပက်ကေ့ဂျ်များနှင့် တစ်နှစ်လျှင် ၁၆၄.၂၅ ရာခိုင်နှုန်းအထိ ပြန်လည်ရရှိမည်ဆိုသော ရင်းနှီးမြှုပ်နှံမှုအမြတ်ငွေများကို ကတိပြု၍ ဘတ် ၁၀၂ သန်းကျော် လိမ်လည်ရယူခဲ့ကြောင်း တွေ့ရှိခဲ့သည်။
အစိုးရရှေ့နေများက အဆိုပါ အစီအစဉ်သည် တရားဝင် အမြတ်ငွေ ထုတ်ပေးခြင်းမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသူအသစ်များထံမှ ရရှိသော ငွေများဖြင့် ရင်းနှီးမြှုပ်နှံသူအဟောင်းများကို ပြန်လည်ပေးချေသည့် စနစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရားရုံးက တရားခံများအား နစ်နာသူများကို အတိုးနှင့်တကွ ပြန်လည်ပေးလျော်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
အဆိုပါ လိမ်လည်မှုသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ် မေလအထိ ကုမ္ပဏီဝဘ်ဆိုက်များနှင့် LINE ဂရုများမှတစ်ဆင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပရာဆစ် သည် တရားခွင်အတွင်း ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီး လက်ရှိတွင် ဘန်းခွမ် ဗဟိုအကျဉ်းထောင်၌ ချုပ်နှောင်ခံထားရသည်။
ပရာဆစ် သည် ဘတ် ၁ ဘီလီယံကျော် ဆုံးရှုံးခဲ့သော ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများစွာဖြင့် ၂၀၂၁ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် ဈေးကြီး လက်ကိုင်အိတ်များနှင့် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ ပါဝင်သည့် လိမ်လည်မှုများ အပါအဝင် အများပြည်သူဆိုင်ရာ လိမ်လည်မှုများစွာဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသဖြင့် စုစုပေါင်း ထောင်ဒဏ် ၂,၆၇၃ နှစ်အထိ ကျခံရခြင်းဖြစ်သည်။
Ref /Photo – Thai Enquirer
#MigrantTimes
#ထိုင်း
#Thailand