ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၁၁ ဦး အလုပ်ထုတ်ခံရပြီး စာရွက်စာတမ်းတွေ သိမ်းဆည်းခံထားရတယ်လို့ ကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။
အလုပ်သမားတွေက ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စီလာချာမြို့နယ်အတွင်းရှိ လျှပ်စစ်အကင်အိုးစက်ရုံမှာ အလုပ်လုပ်နေကြသူတွေဖြစ်ပါတယ်။
“လက်ရှိကတော့ မြို့နယ်ရုံးမှာတိုင်ပေးဖို့တော့ လုပ်ပေးထားတယ်။ ဒါပေမဲ့အလုပ်သမားတွေမှာက လစာထွက်ရက်မရောက်သေးတော့ သွားတိုင်ဖို့အကျိုးမဝင်သေးဘူးဖြစ်နေတယ်”ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။
စက်ရုံက မြန်မာလုပ်သမား တွေကို အလုပ်ထုတ်လိုက်တဲ့အပြင် ကျန့်ခေါက်ခ(အလုပ်လျှောက်အထောက်အထား) နဲ့ စာရွက်စာတမ်း သက်တမ်းတိုးခတွေကောက်ခံထားပြီး စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မှာ အလုပ်သမားတွေက သွားတောင်းခဲ့ပေမဲ့ စက်ရုံဘက်က မပေးခဲ့ဘူးလို့ သိရပါတယ်။
အလုပ်သမားများက သွားရေးလာရေးအတွက် အခက်ခဲတွေ့ကြုံနေရတဲ့အတွက် WAG အဖွဲ့ကို ဇူလိုင်လ ၂ ရက်နေ့မှာ အကူအညီတောင်းခံခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။