MMK Hub
News

ရန်ကုန်ဘူတာကြီးမှာ ပျောက်ဆုံးခဲ့တဲ့ ၅ နှစ်သားကလေးရဲ့ ၄ နှစ်နီးပါးကြာ အိမ်ပြန်ခရီး

မောင်အောင်မင်းခန့်ရဲ့ဖြစ်စဉ်က မိသားစုနဲ့ကွဲကွာပြီး လမ်းပေါ်ရောက်သွားတဲ့ ကလေးတွေ၊ တောင်းရမ်းခိုင်းစေမှုနဲ့ ကလေးလုပ်သားခိုင်းစေမှုတွေကို ရင်ဆိုင်နေရတဲ့ကလေးတွေရှိနေတာကို မီးမောင်းထိုးပြပါတယ်။

အသက် ၅ နှစ်အရွယ်မှာ ရန်ကုန်မြို့၊ ရန်ကုန်ဘူတာကြီးမှာ မိခင်နဲ့ လူချင်းကွဲသွားခဲ့တဲ့ မောင်အောင်မင်းခန့်ဟာ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေခဲ့တာ ၃ နှစ်နဲ့ ၈ လ ကြာခဲ့ပါတယ်။

အဲဒီကာလတွေအတွင်းမှာ ပန်းရောင်းခိုင်းသူတွေနဲ့ ကြုံခဲ့ရသလို တောင်းရမ်းခိုင်းစေသူတွေနဲ့လည်းနေခဲ့ရတယ်လို့ ရဲစခန်းမှာ ဖွင့်ပြောထားပါတယ်။

ဒါတင်မက မွေးစားမိဘဆိုသူတွေနဲ့လည်းကြုံခဲ့ရပြီး အလားတူအလုပ်တွေကို လုပ်ပေးခဲ့ရပါတယ်။

ဒါပေမဲ့ ၄ နှစ်နီးပါးအတွင်း မိဘအရင်းတွေဆီ ပြန်ချင်တဲ့စိတ်ကြောင့် သူရှိနေတဲ့နေရာတွေကနေ အကြိမ်ကြိမ် ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ သူ့ကို ကူညီပေးခဲ့သူ နှစ်ဦးက ပြောပါတယ်။

နောက်ဆုံးမှာတော့ ရန်ကုန်မြို့ရှိ ပရဟိတအဖွဲ့တချို့ရဲ့ကူညီမှုနဲ့ ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်မှာ မိဘအရင်းတွေနဲ့ ပြန်လည်ဆုံတွေ့နိုင်ခဲ့ပါတယ်။