လာအိုနိုင်ငံ၊ ဗီယင်ကျန်း(Vientiane)မြို့တွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားဂိုဏ်းတစ်ခုကို နှိမ်နင်းခဲ့ပြီး သံသယရှိသူ ၆၀၀ နီးပါးကို ဖမ်းမိခဲ့ရာ ယင်းတို့၏ ထက်ဝက်ကျော်မှာ ထိုင်းနိုင်ငံသားများ ဖြစ်ကြသည်။
ယနေ့ ၊ ဇူလိုင်လ ၂၁ ရက်တွင် လာအို ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာ “Peace” ၌ ဗီယင်ကျန်းမြို့ရှိ အဓိက လိမ်လည်မှုဂိုဏ်းကြီးတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ရာ သံသယရှိသူ ၆၀၀ နီးပါး ဖမ်းဆီးရမိခဲ့ပြီး ယင်းတို့၏ ထက်ဝက်ကျော် ၄၀၀ နီးပါးမှာ ထိုင်းနိုင်ငံသားများ ဖြစ်ကြသည်။
ယင်းစီးနင်းမှုကို ဇူလိုင်လ ၁၈ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လိမ်လည်မှုများ တိုက်ဖျက်ရေး အထူးတပ်ဖွဲ့သည် နယ်လှည့်တပ်ဖွဲ့များနှင့်အတူ ဗီယင်ကျန်းမြို့၊ ဟတ်ဆိုင်းဖုန်း၊ ဗန်ဒေါင်းဖိုစီရှိ ငှားရမ်းထားသော အဆောက်အအုံတစ်ခုကို သတင်းအချက်အလက်များအရ ဖုန်းနှင့် အင်တာနက် လိမ်လည်မှုဂိုဏ်းနှင့် အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်များ၏ စိုက်စခန်းဖြစ်ကြောင်း သိရှိရပြီးနောက် ဝိုင်းဝန်းပိတ်ဆို့ခဲ့ကြသည်။
အာဏာပိုင်များသည် အမျိုးသမီး ၃၀၉ ဦး အပါအဝင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလိမ်လည်မှုများတွင် ပါဝင်ပတ်သက်နေသူ သံသယရှိသူ ၅၈၉ ဦးကို ဖမ်းဆီးခဲ့သည်။ သံသယရှိသူများတွင် နိုင်ငံသား ၄ မျိုး ပါဝင်သည် –
ထိုင်း ၃၇၃ ဦး (အမျိုးသမီး ၁၉၈ ဦး)၊ လာအို ၁၉၉ ဦး (အမျိုးသမီး ၁၀၅ ဦး)၊ ဗီယက်နမ် ၁၅ ဦး (အမျိုးသမီး ၄ ဦး) နှင့် ကမ္ဘောဒီးယား အမျိုးသမီး ၂ ဦးတို့ ဖြစ်ကြသည်။
အာဏာပိုင်များသည် သက်သေခံပစ္စည်းအဖြစ် ကွန်ပျူတာများနှင့် ဆက်သွယ်ရေးစက်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပြီး ဂိုဏ်းခေါင်းဆောင်နှင့် ကြိုးကိုင်သူကို စုံစမ်းဖော်ထုတ်ရန် သံသယရှိသူအားလုံးကို စစ်ဆေးမေးမြန်းလျက်ရှိသည်။
Ref / Photo – MGR Onine
#MigrantTimes
#လာအို
#ထိုင်း
#ဗီယင်ကျန်း
#Vientiane
#LAO