ထိုင်းနိုင်ငံသားများကို အမည်ခံအသုံးပြုသည့် မြန်မာ ၇ ဦးကို ဖမ်း၀ရမ်းထုတ်ပြီး ၃ ဦးဖမ်းမိ
ထိုင်းနိုင်ငံသားများကို အစုရှယ်ယာရှင်များအဖြစ် အသုံးပြုကာ မြေကွက်များကို တရားမဝင်ပိုင်ဆိုင်ထားသည့် သံသယဖြစ်ဖွယ် ကွန်ရက်တစ်ခုကို ရဲတပ်ဖွဲ့ကဖော်ထုတ်ခဲ့သည်။ ၎င်းနောက် ထိုင်းနိုင်ငံသား ၂ ဦး၊ မြန်မာနိုင်ငံသား ၇ ဦး၊ အိန္ဒိယနိုင်ငံသား ၃ ဦး၊ အင်္ဂလန်နိုင်ငံသား ၁ ဦးနှင့် တရုတ်နိုင်ငံသား ၉ ဦးတို့ကို ဖမ်းဝရမ်းထုတ်ခဲ့သည်။
၎င်းအနက် သံသယရှိသူ ၅ ဦးကို ဖမ်းမိခဲ့ပြီး၂ ဦးမှာ အိန္ဒိယနိုင်ငံသားများနှင့် ၃ ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း ထိုင်းသတင်းကယနေ့ ဖော်ပြသည်။
ယင်းကွန်ရက်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့သည် အင်အား ၂၅၀ ကျော်ဖြင့် ချင်းမိုင်ခရိုင်ရှိ နေရာ ၁၈ ခုကို ဝင်ရောက်ရှာဖွေခဲ့ရာ စုစုပေါင်း အမှုတွဲ ၃၁ မှု၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဘတ် ၆၃၃ သန်းခန့် ရှိကြောင်း သိရသည်။
အမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး Saran Nuwanma ၏ ပြောကြားချက်အရ အဆိုပါစစ်ဆင်ရေးသည် “ကိုဖငန်းမော်ဒယ်” (Koh Phangan Model) အောက်တွင် တရားမဝင် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းများကို နှိမ်နင်းရန် မူဝါဒ၏ နောက်ဆက်တွဲ တိုးချဲ့ဆောင်ရွက်မှု ဖြစ်ကြောင်း သိရသည်။
တာဝန်ရှိသူများသည် ချင်းမိုင်ခရိုင်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအားလုံး (၃၃,၁၄၄ ခု) ကို စစ်ဆေးခဲ့ရာ နိုင်ငံခြားသား အစုရှယ်ယာရှင်များ ပါဝင်သည့် ကုမ္ပဏီ ၄,၇၄၁ ခုနှင့် ၎င်းတို့ကိုယ်စား အခြားသူများကို အမည်ခံ (Nominees) အဖြစ် အသုံးပြုထားသည်ဟု သံသယရှိရသည့် ကုမ္ပဏီ ၁,၅၉၁ ခုကို တွေ့ရှိခဲ့သည်။
အသေးစိတ် စိစစ်ပြီးနောက် တာဝန်ရှိသူများသည် ကုမ္ပဏီ ၃၁ ခုကို ပစ်မှတ်အုပ်စုအဖြစ် သတ်မှတ်ခဲ့ရာ၊ ယင်းတို့အနက် နိုင်ငံခြားသားများကို အစားထိုးအသုံးပြုထားပြီး ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်ထက် ကျော်လွန်ကာ နိုင်ငံခြားသား ရှယ်ယာရှင်များ ပါဝင်နေသည့် ထိုင်းရှယ်ယာရှင် ကုမ္ပဏီ ၁၆ ခုနှင့် နိုင်ငံခြားသား ပိုင်ဆိုင်မှု အလွန်အကျွံရှိနေသည့် ကုမ္ပဏီ ၁၅ ခုတို့ ပါဝင်သည်။
စုစုပေါင်း မြေပိုင်ဆိုင်မှုမှာ မြေကွက် ၂၉ ကွက်၊ ဧရိယာ ရိုင် ၂၀ ကျော်ရှိပြီး တန်ဖိုးအားဖြင့် ဘတ် ၆၃၃ သန်းခန့် ရှိကြောင်း တွေ့ရှိရသည်။
အာဏာပိုင်များသည် လူပုဂ္ဂိုလ် ၂၂ ဦးအတွက် ဖမ်းဝရမ်းထုတ်ထားပြီး ၁၈ ဦးကို အလိုရှိနေသည်။
ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေသည့် အရေးကြီးသောအမှုများထဲမှ တစ်ခုမှာ ချင်းမိုင်ခရိုင်၊ ဆာရာဖီမြို့နယ်၊ ချာယာဆန်ရပ်ကွက်၊ ကျေးရွာ ၈ ရှိ K.12 ဗီလာစီမံကိန်း (K.12 Village Project) ဖြစ်သည်။
၎င်းအမှုတွင် နိုင်ငံခြားသားတစ်ဦးသည် ကုမ္ပဏီ ၄ ခုကို ကိုယ်စားပြုရန် ထိုင်းရှယ်ယာရှင်များကို အသုံးပြုခဲ့သည်ဟု သံသယရှိထားသည်။
ချင်းမိုင်၊ ဖူးခက်၊ ကရာဘီ၊ ဖန်ငါ၊ ချွန်ဘူရီနှင့် စူရတ်ဌာနီ အပါအဝင် အဓိက ခရီးသွားလုပ်ငန်း အားကောင်းသည့် ခရိုင်များတွင် နိုင်ငံခြားသားများအတွက် ထိုင်းနိုင်ငံသားများကို အမည်ခံ ကိုယ်စားလှယ်များအဖြစ် အသုံးပြုခြင်းမှ တားဆီးရန်အတွက် ယခုစစ်ဆင်ရေးကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ရုံးက ပြောကြားသည်။
Ref /Photo- The Reporters
ဆက်စပ်သတင်း
https://web.facebook.com/migranttimes/posts/pfbid0xder2A9oBg5wVEc2DAPN8LpdF1ADyFqfjcjMhzvosmuXa1v8q36jr2dsyJZdU1UDl
#MigrantTimes
#ချင်းမိုင်
#ရွှေ့ပြောင်း
#ထိုင်း
#thailand