MMK Hub
News

ထိုင်းအစိုးရက ပြည်နှင်ဒဏ်ပေးနိုင်သည့် အကြောင်းအရင်း ၆ ချက်ကို သတ်မှတ်

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်း၊ အလုပ်လုပ်ကိုင်ခြင်း (သို့မဟုတ်) စီးပွားရေးလုပ်ကိုင်ခြင်းများအပြင် ပြင်းထန်သော ရာဇဝတ်မှုများဖြင့် ပြစ်ဒဏ်ကျခံထားရသည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးရန်အတွက် တရားဝင်လုပ်ထုံးလုပ်နည်းများ သတ်မှတ်ထားသည့် စည်းမျဉ်းမူကြမ်းကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်သည်။
အစိုးရပြောရေးဆိုခွင့်ရှိသူ ရတ်ချဒါး သာနားဒီရက်ခ် (Ratchada Thanadirek) က ယမန်နေ့(အင်္ဂါနေ့)က ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးချုပ်ရုံး၏ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းမူကြမ်းကို အတည်ပြုခဲ့ကြောင်း ပြောကြားသည်။
အဆိုပါ စည်းမျဉ်းများတွင် အာဏာပိုင်များက နှင်ထုတ်ရန် လိုအပ်သည်ဟု ယူဆပါက ပြည်နှင်ဒဏ်ပေးနိုင်သည့် ပြစ်မှုအမျိုးအစား ၆ ခုကို သတ်မှတ်ထားသည်။
ယင်းစည်းမျဉ်းများသည်
၁။ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခြင်း သို့မဟုတ် ဆက်လက်နေထိုင်ခြင်း၊
၂။ နိုင်ငံခြားသား အလုပ်အကိုင်ခန့်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်၍ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခြင်း၊
၃။ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ချိုးဖောက်၍ ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ခြင်း၊
၄။ အစိုးရတရားဝင် အထောက်အထားစာရွက်စာတမ်းများကို အတုပြုလုပ်ခြင်း သို့မဟုတ် အတုများကို အသုံးပြုခြင်း၊
၅။ ထောင်ဒဏ် ၃ နှစ်နှင့်အထက် ကျခံစေနိုင်သော ပြစ်မှုကို ကျူးလွန်ခြင်း၊ သို့မဟုတ်
၆။ အထက်ပါပြစ်မှုများတွင် အဓိကကျူးလွန်သူ၊ လှုံ့ဆော်သူ သို့မဟုတ် အားပေးကူညီသူအဖြစ် ပါဝင်ပတ်သက်ခြင်းတို့ဖြစ်သည်။
ယခုစည်းမျဉ်းများသည် ရာဇဝတ်မှုကျူးလွန်သူ (သို့မဟုတ်) နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ နိုင်ငံခြားသားများကို နှင်ထုတ်ရာတွင် ပိုမိုမြန်ဆန်စေရန် ရည်ရွယ်ကြောင်းသိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ ပြည်နှင်ဒဏ်ပေးခြင်းနှင့်ပတ်သက်၍ စနစ်တကျ စုစည်းထားသော စီမံခန့်ခွဲမှုစည်းမျဉ်းများ မရှိသေးသဖြင့် သက်ဆိုင်ရာဌာနများအနေဖြင့် အမှုတစ်ခုချင်းစီအလိုက် အနီးကပ်ပူးပေါင်းဆောင်ရွက်နေရကြောင်း ထိုင်းအစိုးရအဖွဲ့က ပြောကြားသည်။
စည်းမျဉ်းမူကြမ်းအရ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် နိုင်ငံခြားသားအကျဉ်းသားများကို မလွှတ်ပေးမီ ၎င်းတို့၏ အမည်၊ နိုင်ငံသား၊ အမှုတွဲဖိုင်များနှင့် အခြားသက်ဆိုင်ရာ အချက်အလက်များကို ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် သို့မဟုတ် တာဝန်ပေးအပ်ထားသော အရာရှိထံ ပေးပို့ရမည်ဖြစ်သည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် (သို့မဟုတ်) တာဝန်ပေးအပ်ထားသော အရာရှိသည် အဆိုပါအမှုကို ပြည်ထဲရေးဝန်ကြီးထံ တင်ပြရမည်ဖြစ်ပြီး၊ ပြည်ထဲရေးဝန်ကြီးက နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ပြည်နှင်ဒဏ်ပေးရန် အမိန့်ထုတ်ပြန်ရေးကို စဉ်းစားမည်ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာနသည် အဆိုပါပုဂ္ဂိုလ်အား ၎င်း၏ မိခင်နိုင်ငံသားဖြစ်ရာ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် တာဝန်ယူရမည်ဖြစ်သည်။
အကယ်၍ ထိုပုဂ္ဂိုလ်၏ နိုင်ငံသားဖြစ်မှုကို အတည်မပြုနိုင်ပါက ၎င်းတို့ ထိုင်းနိုင်ငံသို့ မဝင်ရောက်မီ နောက်ဆုံးနေထိုင်ခဲ့သည်ဟု ပြောဆိုသော နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးနိုင်သည်။
ထို့ပြင် သံတမန်လမ်းကြောင်းမှတစ်ဆင့် တောင်းဆိုချက် တင်ပြလာပါက ၎င်းပုဂ္ဂိုလ်အား မိမိနိုင်ငံသား မဟုတ်သော အခြားနိုင်ငံတစ်ခုသို့သော်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုသို့သော်လည်းကောင်း လွှဲပြောင်းပေးနိုင်သည်။
လက်ခံမည့်နိုင်ငံ (သို့မဟုတ်) အဖွဲ့အစည်းသည် ထိုပုဂ္ဂိုလ်အား စောင့်ရှောက်ခြင်းနှင့် နှင်ထုတ်ခြင်းဆိုင်ရာ ကုန်ကျစရိတ်အားလုံးကို တာဝန်ယူရန် သဘောတူရမည်ဖြစ်ပြီး၊ ပြည်နှင်ဒဏ်ပေးခြင်း ခံရမည့်ပုဂ္ဂိုလ်သည်လည်း လွှဲပြောင်းပေးရန်အတွက် သဘောတူညီကြောင်း စာဖြင့် လက်မှတ်ရေးထိုးရမည်ဖြစ်သည်။
Ref – Khaoaod

#MigrantTimes
#အလုပ်သမား
#ရွှေ့ပြောင်း
#ထိုင်း
#thailand

YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes