ချင်းမိုင်တွင် ဖမ်းဆီးရိုက်နှက်ခံရသည့် တိုင်းရင်းသား ဆင်ထိန်းဦးထွန်းအီအတွက် တရားမျှတမှုရှာနေ
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင် ၊ မယ့်တန်မြို့နယ်ရှိ ဆင်ဥယျာဉ်တခုတွင် အလုပ်လုပ်ကိုင်နေသည့် တိုင်းရင်းသား ဆင်ထိန်းဦးထွန်းအီသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ ညတွင်ကား၂ စီးဖြင့်တင်ဆောင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့နောက် ဇူလိုင်လ ၁၅ ရက်နေ့ ၊ နံနက်တွင် ဒဏ်ရာအပြင်းအထန်ဖြင့် လမ်းဘေးတနေရာတွင် ပြန်လည်တွေ့ရှိခဲ့သည်။
၎င်းနောက် ယနေ့ ၊ ဇူလိုင်လ ၂၀ ရက် နံနက်၌ ချင်းမိုင်ခရိုင် ရဲတပ်ဖွဲ့ဌာနချုပ်တွင် ကရင်တိုင်းရင်းသားတစ်စုနှင့်အတူ လူမဆန်စွာ အရိုက်အနှက်ခံခဲ့ရသူ ဦးထွန်းအီ၏ဇနီးသည်က တရားမျှတမှုရရှိရန်နှင့် ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရန် ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့ထံ အသနားခံစာ တင်သွင်းခဲ့သည်။
နစ်နာသူ၏ဇနီးသည်က ပြည်သူ့ပါတီမှ လွှတ်တော်အမတ်တစ်ဦးအကူအညီဖြင့် ချင်းမိုင်ရဲတပ်ဖွဲ့ ရဲချုပ်ကြီး ယုတ္ထနာ ကန်ချန်းထံ အသနားခံစာကို ပေးအပ်ခဲ့ရာ ၎င်းက ကိုယ်တိုင်လက်ခံရယူခဲ့သည်။
ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ ပြစ်မှုကျူးလွန်သူမှာ အမှတ် ၃၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။ပြစ်မှုကျူးလွန်သူများသည် တပ်စုမှူး ဒုရဲမှူးတစ်ဦး ဦးဆောင်သော အမှတ် ၃၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ငါးဦးဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ လာရောက်အစစ်ခံပြီးဖြစ်ကာ ကျန်သုံးဦးလည်း ယနေ့အတွင်း လာရောက်လိမ့်မည်ဟု မျှော်လင့်ရကြောင်း ၊၎င်းတို့အပေါ် “တရားဝင်အာဏာကို အလွဲသုံးစားပြုမှု” ဖြင့် ပဏာမအမှုဖွင့်ထားကြောင်း ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့ကဆိုသည်။
ယင်းအမှုကို အမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (NACC) သို့လည်း လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သံသယရှိသူများသည် စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ၎င်းတို့သည် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကာ ဒဏ်ရာရရှိသူကို ၎င်းတို့၏ယာဉ်နောက်ခန်းသို့ တင်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများကို ပြောကြားခဲ့သည်။
လက်ရှိတွင် နစ်နာသူ ဦးထွန်းအီမှာ ဆေးရုံတွင်သတိမရသေးသည့်အတွက် ထွက်ဆိုချက်မပေးနိုင်သေးသဖြင့် ယင်းအသေးစိတ်အချက်အလက်များကို မသိရသေးပါ။
ဦးထွန်းအီ၏ဇနီးဖြစ်သူက ၎င်း၏ခင်ပွန်းသည် မိသားစု၏ အဓိကရှာဖွေကျွေးမွေးသူဖြစ်ပြီး လက်ရှိတွင် သူမနှင့် ကလေးများသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရကြောင်း ပြောကြားသည်။
ဦးထွန်းအီ၏မိသားစုနှင့်နီးစပ်သူ ၁ ဦးကလည်း ဦးထွန်းအီသည် ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင် (ICU) တွင်တက်ရောက်ကုသနေဆဲဖြစ်ကြောင်း လူမှုကွန်ရက်ကဆင့်ရေးသားသည်။
Ref / Photo – chiangmainews /Saengduean Chailert
#MigrantTimes
#ချင်းမိုင်
#ဆင်ထိန်း
#ရွှေ့ပြောင်း
#ထိုင်း
#thailand