MMK Hub
News

ဆူးပေါ်ကျတဲ့ ဖက်ရွက်များ

– ညီညီ
“ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်တာပဲ၊ ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်တာပဲ …”
တံငါရွာက အဒေါ်ကြီးတစ်ယောက် ပြောလိုက်တဲ့ အဲဒီစကားကို ကျွန်တော် အခုထိ နားထဲ စွဲနေတုန်းပဲ။
သူပြောချင်တာကတော့ တိုင်းတစ်ပါးမှာ နေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘာပဲဖြစ်ဖြစ်၊ ဘာပြဿနာပဲကြုံကြုံ နောက်ဆုံးတော့ ကိုယ်တွေပဲ နစ်နာရတယ်၊ ကိုယ်တွေပဲ အခွင့်အရေးချိုးဖောက်ခံရတယ်ဆိုတဲ့ သဘောမျိုးလို့ ကျွန်တော် နားလည်လိုက်ပါတယ်။
ပြီးခဲ့တဲ့လကတော့ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် အဖွဲ့အစည်းတစ်ခုကို ကျေးဇူးတင်ဂုဏ်ပြုတဲ့ Story လေးတစ်ခု ရိုက်ဖို့ ထိုင်းတောင်ပိုင်းက တံငါရွာလေးတစ်ရွာကို သွားဖြစ်ခဲ့ကြတယ်။ ကျွန်တော်ကတော့ အထူးတလည် လုပ်စရာမရှိဘူး။ တွေ့သမျှလေးတွေ ဓာတ်ပုံလိုက်ရိုက်မယ်၊ ရွာထဲက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ စကားပြောမယ်ဆိုတဲ့ စိတ်နဲ့ လိုက်သွားခဲ့တာပါ။
ရွာထဲကို ရောက်ရောက်ချင်း သတိထားမိတာက ပင်လယ်ရနံ့သင်းသင်းလေး။ ဆိပ်ကမ်းမှာတော့ ငါးဖမ်းလှေတွေ အစီအရီ ဆိုက်ကပ်ထားတယ်။ တစ်ဖက်မှာ ပင်လယ်လိပ်ထိန်းသိမ်းရေးစခန်း ရှိတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်လာရင် အသုံးပြုဖို့ စုရပ်တွေလည်း တွေ့ရတယ်။ ကမ်းစပ်က ဒီရေတောပင်တွေပေါ်မှာတော့ မျောက်တံငါတွေ ဟိုခုန်ဒီခုန်နဲ့ ဆော့ကစားနေကြတယ်။
ပထမမြင်လိုက်ရတဲ့ အဲဒီမြင်ကွင်းက ရွာလေးကို အတော်သဘောကျစေတယ်။ သဘာဝနဲ့ နီးနီးကပ်ကပ် ရှိတဲ့ရွာလေးပေါ့။ ထိုင်းတောင်ပိုင်းက ရွာတော်တော်များများက အိမ်ခြေကျဲတတ်ပေမယ့် ဒီရွာကတော့ အိမ်တွေ စိပ်စိပ်လေးနဲ့ ရပ်ကွက်ဆန်တယ်။ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို ရောက်နေသလို ခံစားရတယ်။
ဒါပေမယ့် အဲဒီအေးချမ်းတဲ့ မြင်ကွင်းတွေရဲ့ နောက်ကွယ်မှာတော့ ပင်လယ်ရေလိုပဲ နက်ရှိုင်းတဲ့ ဘဝတွေ ရှိနေတယ်။
ဒီရွာမှာ “ဖယ်” လို့ ခေါ်တဲ့ ဆိပ်ကမ်း တွေ ရှိတယ်။ မြန်မာလိုဆိုရင် လှေဆိပ်ပေါ့။ အဲဒီနေရာက ငါးဖမ်းလှေတွေ ဆိုက်ကပ်တဲ့ နေရာ။
ပုံမှန်ဆိုရင် ညနေ သုံးနာရီလောက်ရောက်တာနဲ့ လှေတွေ ပင်လယ်ထဲ ငါးဖမ်းထွက်ကြတယ်။ ပင်လယ်ထဲမှာ တစ်ညလုံး ငါးဖမ်းပြီး မနက်မိုးလင်းမှ ဖယ်ကို ပြန်ဝင်လာကြတယ်။ အဲဒီလှေတွေပေါ်မှာ အလုပ်လုပ်နေတဲ့သူအများစုက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေပါ။
တချို့က အဲဒီရွာမှာပဲ မိသားစုနဲ့ နေကြတယ်။ တချို့ကတော့ လူပျိုလူလွတ်တွေ။ လှေပေါ်မှာပဲ ချက်စားတယ်၊ လှေမထွက်တဲ့နေ့ဆိုရင်လည်း လှေပေါ်မှာပဲ အနားယူကြတယ်။
ရွာကို ရောက်တော့ ကျွန်တော် မဖြစ်မနေ သွားချင်တဲ့နေရာက အဲဒီဖယ်ပဲ။ လှေတွေ အစီအရီ ဆိုက်ကပ်ထားတာကို ဖယ်ပေါ်ကနေ ကြည့်ရတာ တကယ်လှတယ်။ ဒါပေမယ့် အဲဒီနေရာမှာ ဓာတ်ပုံရိုက်တာ၊ မှတ်တမ်းယူတာတွေကို အလွယ်တကူ လုပ်ခွင့်မရှိဘူး။ ဒါနဲ့ လှေဆိပ်တာဝန်ရှိသူကို ခွင့်တောင်းပြီး ဓာတ်ပုံနည်းနည်းတော့ ရိုက်ခဲ့လိုက်တယ်။
ဖယ်ကို လျှောက်ကြည့်နေတုန်း ကိုခင်မောင်ဇော်နဲ့ တွေ့ဖြစ်တယ်။
သူက လက်ပံတန်းဇာတိ။ အသက်က သုံးဆယ့်ငါးနှစ်လောက် ရှိမယ်ထင်တယ်။ နေပူလေဒဏ်ကို နှစ်ပေါင်းများစွာ ခံထားရတဲ့ မျက်နှာ၊ လက်မောင်းတွေက ပင်လယ်သမားတစ်ယောက်ရဲ့ ဘဝကို အတိုင်းသား ပြောပြနေသလိုပဲ။
“ထိုင်းကို ရောက်တာ ဘယ်လောက်ကြာပြီလဲ” လို့ မေးတော့…
“ဆယ်နှစ်ကျော်ပြီ” လို့ သူက အေးအေးပဲ ပြန်ဖြေတယ်။
ကျွန်တော်လည်း စပ်စုချင်စိတ်နဲ့…
“မြန်မာပြည် မပြန်တော့ဘူးလား”
လို့ ထပ်မေးလိုက်တော့…
“မပြန်တော့ဘူးလေ… ပြန်လည်း ဘာထူးမှာလဲ။ ဘာမှ မရှိတော့ဘူး။”
သူက ခပ်တိုတိုပဲ ပြန်ဖြေတယ်။
အဲဒီ “ဘာမှ မရှိတော့ဘူး” ဆိုတဲ့ စကားထဲမှာ အဓိပ္ပာယ်တွေ အများကြီး ပါနေတယ်။ ကျွန်တော် နားလည်လိုက်တာကတော့ မြန်မာပြည်မှာ သူ့ကို စောင့်နေမယ့် မိသားစုလည်း မရှိတော့ဘူး၊ ပြန်စရာအကြောင်းလည်း မကျန်တော့ဘူးဆိုတဲ့ သဘောပါပဲ။
ကျွန်တော်တို့ ရောက်သွားတဲ့အချိန်က နေ့လယ်စာ စားနေတဲ့အချိန်။
“ဒီနေ့ ဘာဟင်းနဲ့ စားလဲ” လို့ မေးတော့… “ဝက်သားဟင်းနဲ့” လို့ ပြန်ဖြေတယ်။
စကားဆက်ပြောရင်း သိလာရတာက လှေတစ်စီးကို သူဌေးက ဆန်၊ ဆီနဲ့ တစ်ရက်ဟင်းဖိုးအတွက် ဘတ်ငွေ ငါးရာ ထုတ်ပေးတယ်တဲ့။ လှေပေါ်မှာပဲ စားတယ်။ လှေပေါ်မှာပဲ အိပ်တယ်။ လှေမထွက်တဲ့နေ့ဆိုရင်လည်း လှေပေါ်မှာပဲ အနားယူကြတယ်။
သူက ပင်လယ်လှေသမားဘဝအကြောင်းကို တဖြည်းဖြည်း ဖွင့်ပြောလာတယ်။
“လှေလုပ်သားဘဝက မလွယ်ဘူးဗျ။ ကျွန်တော်ကတော့ တခြားလုပ်စရာ မရှိလို့ လုပ်နေတာ။ ဒါပေမယ့် ဒီမှာက အထောက်အထားမရှိလည်း သိပ်ပြီး လာဖမ်းတာမျိုး မရှိဘူး။ အဲဒါတော့ အေးဆေးတယ်။”
သူ့စကားထဲမှာ ကျေနပ်အားရတဲ့အသံ မပါဘူး။
ရွေးချယ်စရာမရှိလို့ လုပ်နေရတဲ့ လူတစ်ယောက်ရဲ့ အသံပဲ ပါတယ်။
“အပင်ပန်းဆုံးက ဘယ်အချိန်လဲ” လို့ မေးတော့… “ပိုက်ဆွဲတင်ရတဲ့အချိန်ရယ်… ပိုက်ပြန်စီရတဲ့အချိန်ရယ်” လို့ ချက်ချင်းဖြေတယ်။
“ပင်လယ်ထဲမှာ အသက်အန္တရာယ်ရော ရှိလား” လို့ မေးတော့… သူက ခဏရပ်ပြီး…
“ရှိတာပေါ့… လှေစထွက်တဲ့အချိန်ကတည်းက ကိုယ့်အသက်ကို ပင်လယ်ထဲ အပ်ထားရတာပဲ။” လို့ ပြောတယ်။
အဲဒီစကားတစ်ခွန်းက ရိုးရိုးလေးပဲ။ ဒါပေမယ့် ပင်လယ်လှေသမားတစ်ယောက်ရဲ့ ဘဝကို အရှင်းဆုံး ဖော်ပြနိုင်တဲ့ စကားလို့ ကျွန်တော် ထင်မိတယ်။
သူတို့က ပင်လယ်ထဲမှာ တစ်ရက်၊ အများဆုံး နှစ်ရက်လောက်ပဲ နေရတာဆိုတော့ လူသေတဲ့အဖြစ်အပျက်က သိပ်မများဘူးလို့လည်း ပြောတယ်။
ဒါပေမယ့်… “အသက်ကို ပင်လယ်ထဲ အပ်ထားရတယ်” ဆိုတဲ့ စကားတစ်ခွန်းကတော့ ကျွန်တော့်စိတ်ထဲ တော်တော်ကြာအောင် ကျန်ခဲ့တယ်။
ကိုခင်မောင်ဇော်နဲ့ စကားပြောပြီးတော့ ကျွန်တော့်သူငယ်ချင်းတွေ အင်တာဗျူးလုပ်နေတဲ့ တန်းလျားဘက်ကို သွားကြည့်လိုက်တယ်။ အဲဒီအချိန်မှာ အင်တာဗျူးက ပြီးသွားပြီ။
အဲဒီတန်းလျားကတော့ အစမှာ ပြောခဲ့တဲ့ အဒေါ်ကြီးတို့ နေတဲ့အဆောင်ပါပဲ။
သူက အင်တာဗျူးပြီးသွားတော့လည်း စကားဆက်ပြောနေတယ်။ ကြည့်ရတာ စကားပြောရတာလည်း ပွင့်ပွင့်လင်းလင်းရှိပြီး၊ အရာရာကို သေသေချာချာ စဉ်းစားတတ်တဲ့သူတစ်ယောက်လို ထင်ရတယ်။
ရွာထဲက အလုပ်သမားတော်တော်များများကတော့ သူဌေးစီစဉ်ပေးထားတဲ့ အလုပ်သမားတန်းလျားတွေမှာ နေကြတယ်။ ဒါပေမယ့် အဒေါ်ကြီးတို့ မိသားစုကတော့ တခြားနေရာမှာ တစ်လ ဘတ် ၁,၅၀၀ နဲ့ အိမ်ငှားနေကြတယ်။
ဒီနေရာမှာ သူပြောခဲ့တဲ့ စကားတွေကို တတ်နိုင်သလောက် မူရင်းအတိုင်း ထည့်ရေးချင်ပါတယ်။ အဲဒီလိုမှပဲ သူတို့ဘဝကို ပိုမြင်ရမယ်လို့ ထင်မိလို့ပါ။
ကျွန်တော် ရောက်သွားတဲ့အချိန်မှာ ကျွန်တော့်သူငယ်ချင်းက လှေလုပ်သားဥပဒေအကြောင်း၊ PIPO စစ်ဆေးရေးစနစ်အကြောင်း၊ လှေပေါ်မှာ မဖြစ်မနေ ချိတ်ထားရတဲ့ Hotline ဖုန်းနံပါတ်တွေအကြောင်း၊ ကျန်းမာရေးအခွင့်အရေးတွေအကြောင်း ရှင်းပြနေတာ။
အဒေါ်ကြီးက သေသေချာချာ နားထောင်နေရာကနေ ရုတ်တရက် ဝင်ပြောလိုက်တယ်။
“အဲဒါတွေက ဥပဒေစာရွက်ထဲမှာပဲ ရှိတာ ဆရာရေ… တကယ်တမ်းကျတော့ အခွင့်အရေးဆိုတာ မရကြဘူး…”
အဲဒီစကားကြားတော့ ကျွန်တော် ခဏငြိမ်သွားတယ်။
ကျွန်တော်တို့က အလုပ်သမားအခွင့်အရေးအကြောင်း၊ ဥပဒေအကြောင်း ရွှေ့ပြောင်းအလုပ်သမားတွေကို မျှဝေကြပေးရတယ်။ ဒါပေမယ့် သူပြောသလိုပဲ၊ တစ်ခါတလေ လက်တွေ့ဘဝက ဥပဒေစာအုပ်ထဲကလို မဟုတ်ဘူး။
အဲဒီအချိန်မှာပဲ အဒေါ်ကြီးက သူ့ရင်ထဲက စကားတွေကို ဆက်တိုက် ပြောလာတယ်။
“ဆရာ… ပင်လယ်ထဲမှာ ပြုတ်ကျပြီး သေရင်တောင် လျော်ကြေးဆိုတာ သေချာမရှိဘူး။ စျာပနစရိတ်ဆိုပြီး နှစ်သောင်း၊ သုံးသောင်းလောက် ပေးတာမျိုးရှိတယ်။ တစ်သိန်းရမယ်၊ ငါးသောင်းရမယ်ဆိုပြီး သတ်မှတ်ထားတာလည်း မရှိဘူး။ ပိုဆိုးတာက လှေကနေ ပြုတ်ကျပြီး အလောင်းကို ရှာမတွေ့ရင် အဲဒီငွေတောင် မရဘူး။ အလောင်းတွေ့မှပဲ ရတယ်”။
အမတို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကတော့…
‘ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်တာပဲ… ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်တာပဲ …’”
သူပြောတော့ ဘေးကလူတွေလည်း တိတ်တိတ်လေး နားထောင်နေကြတယ်။
အဒေါ်ကြီးက ဆက်ပြောတယ်။
“တစ်ခါတလေ အပြင်သွားချင်လို့ အထောက်အထားသွားတောင်းရင်တောင် အထောက်အထားကို ပေးချင်တာမဟုတ်ဘူး သူတို့က သိမ်းထားတယ် ….လှေလုပ်သားဘဝက ခက်တော့ခက်တယ်။ ဒါပေမယ့် လှေတစ်စီးကို တစ်ရက် ငါးရာပေးတယ်။ အဲဒီငါးရာကနေ လူနှစ်ဆယ်၊ သုံးဆယ် စားရတာလေ ဆရာ…ဘယ်လောက်ပါ့မလဲ”
“နေ့စားဆိုတော့ အလုပ်များတဲ့နေ့လည်း ရှိတယ်…အလုပ်နည်းတဲ့နေ့လည်း ရှိတယ်။ လစာကတော့ တစ်လ ရှစ်ထောင်ပဲ။ တချို့က ခြွေတာပြီး သုံးတယ်။
တချို့က အသုံးကြမ်းတယ်။ မူးယစ်ဆေးသုံးတဲ့သူတွေလည်း ရှိတယ်။ အခုနောက်ပိုင်းတော့ စလော့ဂိမ်းတွေ ဆော့ကြတာ ပိုများလာတယ်။ လစာထုတ်တဲ့နေ့ဆို လင်မယား ရန်ဖြစ်သံတွေ ကြားရတာ မဆန်းတော့ဘူး..တကယ်တော့ လှေလုပ်သားတွေက ဒီ့ထက်ပိုပြီး ရသင့်တယ်။ တစ်လ ရှစ်ထောင်ဆိုတာ နည်းလွန်းတယ်။ သတ်မှတ်ထားတဲ့ လုပ်ခလစာအတိုင်းတော့ ရသင့်တာပေါ့…”
သူ့စကားတွေက ဒေါသထွက်ပြီး ပြောနေတာမျိုး မဟုတ်ဘူး။
နှစ်ပေါင်းများစွာ မြင်ခဲ့၊ ကြုံခဲ့တဲ့ ဘဝအတွေ့အကြုံတွေကို အေးအေးဆေးဆေး ပြောပြနေတာ။ ဒါပေမယ့် အဲဒီအေးအေးဆေးဆေး ပြောတဲ့ စကားတွေကပဲ ကျွန်တော့်ကို ပိုပြီး လေးလံစေတယ်။
သူပြောတဲ့အထဲမှာ အလုပ်သမားအခွင့်အရေး မရတဲ့ ပြဿနာတွေ ရှိသလို၊ မြန်မာရွှေ့ပြောင်းအလုပ်သမားအသိုင်းအဝိုင်းထဲက ကိုယ်တိုင် ပြင်ဖို့လိုတဲ့ အလေ့အထတွေကိုလည်း ထည့်ပြောသွားတာ သတိထားမိတယ်။
အဒေါ်ကြီးက ဖယ်မှာပဲ ငါးရွေးတဲ့အလုပ် လုပ်တယ်။ တစ်လကို ဘတ်ငွေ ငါးထောင်၊ ခြောက်ထောင်လောက် ရတယ်။ လင်ဖြစ်သူကတော့ ငါးဖမ်းလှေလိုက်တယ်။
မနက်အစောကြီး ငါးလှေတွေ ဆိပ်ကမ်းကို ပြန်ဝင်လာတာနဲ့ သူတို့က နာရီပေါင်းများစွာ ငါးအမျိုးအစားတွေကို ရွေးရ၊ ခွဲရတယ်။
သူတို့လင်မယားနှစ်ယောက်ရဲ့ မျှော်လင့်ချက်ကတော့ သားသမီးတွေပဲ။ ကလေးတွေကို အနီးနားက မြန်မာသင်ကြားရေးစင်တာမှာ ထားပေးထားတယ်။
“ကျွန်မတို့လို အလုပ်ကြမ်းတွေ မလုပ်စေချင်ဘူး။ ပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်။” လို့ အဒေါ်ကြီးက ပြောတယ်။
တိုင်းတစ်ပါးရောက်နေပေမယ့် သားသမီးတွေရဲ့ ပညာရေးကို အလေးထားတာကတော့ အားတက်စရာပါပဲ။ ဒါပေမယ့် သူတို့သွားရမယ့် ခရီးက အဝေးကြီး ကျန်သေးတယ်လို့လည်း ကျွန်တော် တွေးမိတ