ထိုင်းမှာအရာရှိဟုဆိုကာ အွန်လိုင်းလိမ်လည် ခြိမ်းခြောက်မှုများ သတိထားရန်ထုတ်ပြန် တပတ်အတွင်း တိုင်ကြားချက် ၅ ထောင်ကျော်ခဲ့ပြီး ဆုံးရှုံးမှု ဘတ် သန်း ၂၀၀ ကျော်ရှိ
ထိုင်းနိုင်ငံတွင် အရာရှိအဖြစ် ဟန်ဆောင်လိမ်လည်မှုကြောင့် ဆုံးရှုံးမှုအများဆုံးစံချိန်အဖြစ် ဘတ် ၇၁ သန်းအထိ ရှိခဲ့ပြီး အွန်လိုင်းက လိမ်လည် ခြိမ်းခြောက်မှုများ သတိထားကြရန် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာန (ACSC)ကထုတ်ပြန်သည်။
အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာန (ACSC) သည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း စုံစမ်းဖော်ထုတ်ဖမ်းဆီးခြင်းနှင့် လိမ်လည်ခံရရသူများကို ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် အမှုအခင်းနှင့် ပျက်စီးဆုံးရှုံးမှုစာရင်းဇယားများကို ထုတ်ပြန်ခဲ့သည်။
ယခုနှစ် ၊ ဇွန် ၂၈ ရက်မှ ဇူလိုင် ၄ ရက် (၂၀၂၆) အထိ Thaipoliceonline မှတစ်ဆင့် တိုင်ကြားချက်ပေါင်း ၅,၅၈၈ မှု လက်ခံရရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဘတ် သန်း ၂ဝဝ ကျော် (၂၀၇,၇၂၈,၁၂၄) ဖြစ်သည်။ ယခုအကြိမ် တိုင်ကြားမှုသည် ဇွန် ၂၁-၂၇ ရက် ကာလထက် ၄၉၆ မှု ပိုမိုများပြားလာပြီး ဆုံးရှုံးမှုတန်ဖိုးမှာလည်း ဘတ် ၄၇.၅ သန်း ပိုမိုမြင့်တက်လာကြောင်း တွေ့ရှိရသည်။
ခွဲခြမ်းစိတ်ဖြာရေးအဖွဲ့၏ အချက်အလက်များအရ ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ လိမ်လည်မှုသည် အမှုတွဲပေါင်း ၄,၄၀၀ မှုဖြင့် အများဆုံးဖြစ်ပွားနေဆဲဖြစ်ပြီး စုစုပေါင်းအမှုတွဲများ၏ ၇၈.၇% ကို သိမ်းပိုက်ထားသည်။
အခြားတစ်ဖက်တွင် အခြားသူအဖြစ် ဟန်ဆောင်လိမ်လည်မှုသည် ငွေကြေးဆုံးရှုံးမှု အမြင့်မားဆုံးအုပ်စုဖြစ်ပြီး ဘတ် ၇၁.၇၅ သန်းအထိ ရှိခဲ့သည်။
အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာန (ACSC)က မိမိကိုယ်ကိုယ် ရဲအရာရှိ၊ ဒီအက်စ်အိုင် (DSI) ၊ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) အရာရှိများအဖြစ် ဟန်ဆောင်ကာ၊ သင်သည် ငွေကြေးခဝါချမှု သို့မဟုတ် ရာဇ၀တ်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု စိတ်ပညာသုံး ခြိမ်းခြောက်ပြောဆိုပြီး၊ စစ်ဆေးရန်နှင့် အပြစ်ကင်းစင်ကြောင်း သက်သေပြရန်အတွက် ရာဇ၀တ်ကောင်များ၏ အကောင့်ထဲသို့ ငွေလွှဲခိုင်းတတ်သည့် လိမ်လည်သူများကို သတိပြုကြရန် သတိပေးသည်။
အစိုးရအရာရှိများသည် ဖုန်းဖြင့် ပြစ်မှုစွဲချက်တင်ခြင်း၊ Line အပလီကေးရှင်းမှတစ်ဆင့် ရုံးစာ သို့မဟုတ် ဖမ်းဝရမ်းများ ပေးပို့ခြင်း၊ ဗီဒီယိုကောလ်ဖြင့် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်မည့် မူဝါဒ လုံးဝမရှိကြောင်းနှင့် အရေးကြီးဆုံးအနေဖြင့် စစ်ဆေးရန်နှင့် အပြစ်ကင်းစင်ကြောင်း သက်သေပြရန်အတွက် ငွေလွှဲခိုင်းခြင်း လုံးဝရှိမည်မဟုတ်ကြောင်း ACSC ကထုတ်ပြန်သည်။
ထိုကဲ့သို့သော အပြုအမူမျိုး ကြုံတွေ့ရပါက လုံးဝ စကားမပြောရန် ၊ Line အကောင့်သို့မအပ်ရန်၊ ငွေမလွှဲရန်၊ လိမ်လည်သူများ၏ သားကောင်မဖြစ်စေရန် ဖုန်းကို ချက်ချင်းချရန်၊ သဲလွန်စများတွေ့ရှိပါက သို့မဟုတ် နစ်နာဆုံးရှုံးမှုများရှိပါက www.thaipoliceonline.go.th သို့မဟုတ် AOC Hotline 1441 သို့ ၂၄ နာရီပတ်လုံး အွန်လိုင်းမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။
Photo – saranitet police
#MigrantTimes
#ရွှေ့ပြောင်း
#အလုပ်သမား
#ထိုင်း
#thailand
Facebook https://www.facebook.com/migranttimes
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttime