ထိုင်းမှာ ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်နဲ့ ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်နိုင်မယ်
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေနဲ့ အလုပ်ရှင်တွေ အဆင်ပြေစေဖို့အတွက် ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးမယ်လို့ အလုပ်သမားရေးဝန်ကြီး မစ္စတာဂျုလဖန် အမွန်ဝိဝပ်ကပြောပါတယ်။
အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာနကလည်း နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားခြင်း၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ထုတ်ပေးခြင်းနဲ့ အကြောင်းကြားခြင်းတွေအတွက် စာရွက်စာတမ်း အထောက်အထားတွေ သတ်မှတ်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်ကို ဇူလိုင်လ ၉ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်အရ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်အစစ်ကို ထုတ်ပေးနိုင်ခြင်းမရှိသေးတဲ့ အခြေအနေမှာနိုင်ငံခြားသားလုပ်သားတွေအနေနဲ့ ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်နဲ့ ဥပဒေအရ အလုပ်လုပ်ကိုင်ခွင့်ရှိတယ်ဆိုတာ ပြသနိုင်ဖို့ သတ်မှတ်ပေးတာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးက ပြောကြားပါတယ်။
အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာနက “ဘော်တော် ၆၂” (Bor Tor 62) ပုံစံကို ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်အဖြစ် အသုံးပြုရန် သတ်မှတ်ထားတာပါ။
ဒီစာရွက်စာတမ်းမှာ နိုင်ငံခြားသားလုပ်သားရဲ့ ကိုယ်ရေးအချက်အလက်၊ ပတ်စ်ပို့၊ ဗီဇာ၊ အလုပ်ရှင် ၊လုပ်ငန်းခွင်အချက်အလက်၊ ရာထူးနဲ့ လုပ်ငန်းခွင်တည်နေရာတွေပါဝင်ပါတယ် ။ ဒါ့အပြင် ဆေးကုသမှုခံယူခွင့်ဆိုင်ရာ အချက်အလက်တွေစတဲ့ အရေးကြီးအချက်အလက်တွေကို ဖော်ပြထားမှာပါ။
ဒီစာရွက်စာတမ်းကို ဥပဒေနဲ့အညီ အလုပ်လုပ်ကိုင်ခွင့်ရှိကြောင်း သက်သေပြတဲ့ အထောက်အထားအဖြစ် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
“ဒီအစီအစဉ်ဟာ အလုပ်လုပ်ကိုင်ခွင့်ခွင့်ပြုချက် လုပ်ငန်းစဉ်တွေကြားထဲမှာ ဖြစ်ပေါ်လာနိုင်တဲ့ လစ်ဟာမှုတွေကို လျှော့ချပေးမှာဖြစ်ပြီး၊ ခွင့်ပြုချက်ရရှိပြီးသား ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အလုပ်ကို အဆက်မပြတ် လုပ်ကိုင်သွားနိုင်မှာ ဖြစ်ပါတယ်” လို့ ဝန်ကြီး ဂျုလဖန်က ပြောကြားပါတယ်။
#MigrantTimes
#ရွှေ့ပြောင်း
#အလုပ်သမား
#ထိုင်း
#thailand
Facebook https://www.facebook.com/migranttimes
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttime