ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင် ၊ ဘန်းဘူမြို့နယ်၊ ကလောင်ကိကျေးရွာရှိ ရွှေ့ပြောင်းအလုပ်သမား ဝန်ဆောင်မှုပေးတဲ့ ရုံးတစ်ခုကို တာဝန်ရှိသူများကဝင်ရောက်ရှာဖွေခဲ့ပြီး ပွဲစားအဖြစ်လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ဇူလိုင်လ ၇ ရက်နေ့မှာ ချွန်ဘူရီ အလုပ်အကိုင်ရှာဖွေရေးနဲ့ ISOC ချွန်ဘူရီ ပူးပေါင်းအဖွဲ့တွေက တိုင်ကြားချက်အရ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းကဖော်ပြပါတယ်။
အဆိုပါ ရွှေ့ပြောင်းအလုပ်သမား ဝန်ဆောင်မှုရုံးဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စတဲ့
နိုင်ငံသားတွေကို ဝန်ဆောင်မှုပေးနေတာဖြစ်တယ်လို့ဖော်ပြပါတယ်။
အရာရှိတွေက ဝင်ရောက်စစ်ဆေးချိန်မှာ သူတို့အားလုံးဟာ ကွန်ပျူတာရှေ့မှာ ထိုင်ပြီး အလုပ်လုပ်ကိုင်နေတာကိုတွေ့ရှိခဲ့ပါတယ်။ သက်သေခံပစ္စည်းတွေအဖြစ် ပစ်ကပ်ကား ၁ စီး၊ လက်ပ်တော့ ကွန်ပျူတာ ၃ လုံးနဲ့ လိုက်ဖ်လွှင့်ရာတွင်သုံးတဲ့ မီးဆိုင်း ၅ စုံကို သိမ်းဆည်းခဲ့တယ်လို့ ချွန်ဘူရီ အလုပ်အကိုင်ရှာဖွေရေးဌာနကပြောပါတယ်။
ဒါ့အပြင် စစ်ဆေးနေစဉ်အတွင်း မြန်မာအမျိုးသမီး ဝန်ထမ်းတစ်ဦးက TikTok ကနေ လိုက်ဖ်လွှင့် (Live) ကာ အရောင်းမြှင့်တင် ဆွဲဆောင်နေတာကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
အဆောက်အအုံရဲ့ နောက်ထပ် အထပ်တွေမှာလည်း အလုပ်ရှာဖွေဖို့စောင့်ဆိုင်းနေတဲ့
မြန်မာအလုပ်သမား ၈ ဦး နေထိုင်နေတာကိုတွေ့ရှိခဲ့ပါတယ်။
ဇူလိုင်လ ၇ ရက်နေ့မှာပဲ ချွန်ဘူရီခရိုင်၊ မောင်းချွန်ဘူရီမြို့နယ်၊ ဘန်းစွမ်းကျေးရွာရှိ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ထုတ်ပေးရေးဌာနမှာ မြန်မာပွဲစား၂ ဦးကို ထပ်မံဖမ်းမိခဲ့တယ်လို့ ထိုင်းအရာရှိတွေကပြောပါတယ်။
သူတို့ ၂ ဦးကတော့ မြန်မာအလုပ်သမား ၁၄ ဦးကို အထောက်အထားစာရွက်စာတမ်းတွေပြုလုပ်ပေးဖို့ တစ်ဦးကို ဝန်ဆောင်ခ ဘတ် ၅၀၀ စီ ကောက်ခံနေစဉ် ဖမ်းဆီးခံတာလို့သိရပါတယ်။
မြန်မာပွဲစား ၆ ဦးကို ခွင့်ပြုချက်မရှိဘဲ လုပ်ပိုင်ခွင့်မရှိတဲ့ အလုပ်ကို လုပ်ကိုင်ခြင်းနဲ့ ဥပဒေအရ အရေးယူနိုင်ဖို့ သက်ဆိုင်ရာရဲစခန်းကိုလွှဲပြောင်းခဲ့တယ်လို့ ချွန်ဘူရီ အလုပ်အကိုင်ရှာဖွေရေးဌာနကနေသိရပါတယ်။