MMK Hub
News

CI စင်တာမှာ အပိုငွေကောက်ခံသည့်ကိစ္စ မြန်မာနှင့်ဆွေးနွေးမည်ဟု ထိုင်းဘက်ကပြော

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(Certificate of Identity) ထုတ်ပေးသည့် CI စင်တာများတွင် ပြေစာမရှိဘဲ အပိုငွေများ ကောက်ခံနေသည်ဟူသော သတင်းများနှင့်ပတ်သက်ပြီး မြန်မာဘက်တာဝန်ရှိသူများနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဂျူလဖန်အမွန်ဝီဝပ် ကပြောကြားသည်။
ဝန်ကြီး ဂျူလဖန်က CI စင်တာသို့ ဝင်ရောက်ခွင့်ရရှိရန်အတွက် ပုံမှန်အခကြေးငွေများအပြင် ပြေစာမရှိဘဲ အပိုငွေများ ကောက်ခံနေသည်ဟူသော သတင်းဖော်ပြချက်များနှင့်ပတ်သက်၍ ရွှေ့ပြောင်းလုပ်သားများကို ဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်သွင်းခြင်းအား အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။
ဖြစ်စဉ်အမှန်ကို စုံစမ်းစစ်ဆေးရန်အတွက် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာဌာနများနှင့် အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ရန် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနအား ညွှန်ကြားထားပြီးဖြစ်ကြောင်း၎င်းကဆိုသည်။
အလုပ်သမားဝန်ကြီးက ယခင်က မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ထိုင်းနိုင်ငံအတွင်းရှိ ၎င်းတို့၏ လုပ်သားများကို နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ လာရောက်လုပ်ဆောင်ခဲ့ကြသော်လည်း လက်ရှိတွင် မြန်မာနိုင်ငံတစ်ခုတည်းသာ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးခြင်းလုပ်ငန်းကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်းပြောကြားသည်။
ထိုင်းနိုင်ငံအတွင်း CI စင်တာလုပ်ငန်းဆောင်ရွက်မှုများကို မြန်မာဘက်ကသာ တစ်ဦးတည်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနအနေဖြင့် စင်တာပြင်ပရှိ လုပ်ငန်းဆောင်ရွက်မှုများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိကြောင်းဆိုသည်။
လက်ရှိတွင် စမွတ်စခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီနှင့် ချင်းမိုင်ခရိုင်တို့၌ စီအိုင်စင်တာ ၄ ခုနှင့် ချွန်ပဘူရီခရိုင်၌ ရွေ့လျားဝန်ဆောင်မှုယူနစ် (Mobile CI) ၁ ခု ရှိကြောင်း၊ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက် ကက်ဘိနက်ဆုံးဖြတ်ချက်အရ CI စာရွက်စာတမ်း လက်ခံရရှိပြီးသူ ရွှေ့ပြောင်းလုပ်သား အရေအတွက်မှာ ၃၉၀,၄၂၇ ဦး ရှိကြောင်း ပြောကြားသည်။
အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နာယီဆွန်ချိုင်းကလည်း CI စင်တာများအတွင်း ကော်မရှင်ခ သို့မဟုတ် အပိုဝန်ဆောင်ခများ ကောက်ခံနေသည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံ၏ အလုပ်သမားသံအရာရှိအား ဖိတ်ခေါ်ဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးထံသို့လည်း CI စင်တာအားလုံးတွင် အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်ကို စုံစမ်းစစ်ဆေးပေးပါရန် စာပေးပို့တောင်းဆိုထားကြောင်း ပြောကြားသည်။
ထို့ပြင် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနသည် ယင်းအကြောင်းအရာကို ၂၀၂၆ ခုနှစ် ၊ ဇူလိုင် ၂၁ ရက်နေ့တွင် ကျင်းပမည့် ထိုင်း-မြန်မာ နည်းပညာဆိုင်ရာ အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံအတွင်းတွင် အထောက်အထားမရှိသည့် မြန်မာ ၊ လာအို ၊ ဗီယက်နမ် အလုပ်သမားများအား ထိုင်းအစိုးရက Work Permit(အလုပ်လုပ်ခွင့်ပါမစ်) ပေးသည့်ကတ်များ နှစ်စဉ်နီးပါးပြုလုပ်ပေးနေသည်။
Work Permit ရရှိသူသည် ၎င်းဗီဇာအား Passport နိုင်ငံကူးလက်မှတ်စာအုပ်ရှိပါက ပြောင်းရွှေ့ကိုင်ဆောင်နိုင်သည်။ နိုင်ငံကူးလက်မှတ် လတ်တလော မရှိသူများအား မြန်မာအလုပ်သမားဝန်ကြီးဌာနက ထိုင်းအစိုးနှင့်ပူးပေါင်းကာ ၄ နှစ်သက်တမ်းရှိသည့် CI စာအုပ်များပြုလုပ်ပေးခြင်းဖြစ်သည်။
ထိုင်းရှိ မြန်မာ အလုပ်သမားတစ်ဦးသည် CI စာအုပ်ပြုလုပ်ရန်အတွက် 7-Eleven စတိုးဆိုင်များတွင် ဘတ် ၂,၆၇၀ ကို ပေးသွင်းရမည်ဖြစ်သည်။ ၎င်းနောက် CI စင်တာတွင်ပြုလုပ်ရန်အတွက် ထိုင်းအစိုးရက တရားဝင်အသိမှတ်ပြုထားသည့် ဘတ် ၅ သန်းအမည်ရ ကုမ္ပဏီများတွင် ဝန်ဆောင်ခအဖြစ် ဘတ် ၉၅၀ ထပ်မံပေးချေရပြီး စုစုပေါင်း တရားဝင် ကုန်ကျစရိတ်သည် ဘတ် ၃၆၂၀ သာဖြစ်ကြောင်း CI စခန်းတခု၏ တာဝန်ရှိသူက Migrant Times ကိုပြီးခဲ့သည့် ဖေဖောဝါရီလအတွင်းပြောကြားခဲ့သည်။
မြန်မာအလုပ်သမားအချို့ကလည်း CI စာအုပ်ပြုလုပ်ရာတွင် သတ်မှတ်ထားသည့် ဈေးနှုန်းထက် ပိုပေးနေရကြောင်း Migrant Times ကိုပြောကြားထားသည်။

#MigrantTimes
#CIစာအုပ်
#CIစင်တာ
#အလုပ်သမား
#မြန်မာလုပ်သား
#ထိုင်း
#thailand

YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/

Telegram https://t.me/migranttime