ချင်းမိုင်တွင် ရဲတပ်ဖွဲ့က ခရီးသွားအသွင်ယူပြီး မြန်မာ ဧည့်လမ်းညွှန်ကိုဖမ်း
ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် ခရီးသွားရဲတပ်ဖွဲ့က ကမ္ဘာလှည့်ခရီးသွားအသွင်ယူကာ
တရားမဝင်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံသား ဧည့်လမ်းညွှန် ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့ ဖော်ပြသည်။
ချင်းမိုင်မြို့ရှိ Wat Chedi Luang နာမည်ကြီးဘုရားကျောင်းတွင် ရဲအရာရှိများက မက္ကဆီကိုနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအသွင် ရုပ်ဖျက်၍ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
၎င်းဘုရားကျောင်းတစ်ခုတွင် တရားမဝင် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည်ဟု စွပ်စွဲခံရသော မြန်မာနိုင်ငံသား ၁ ဦးကို ခရီးသွားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့ခွဲ ၂ မှ အရာရှိများ၏ စုံစမ်းစစ်ဆေးမှုအပြီးတွင် အသက် ၃၉ နှစ်အရွယ် စောအမည်ရှိမြန်မာနိုင်ငံသား သံသယရှိသူအား ဝပ်ချေဒီလွန်း (Wat Chedi Luang) ဘုရားကျောင်း၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က သံသယရှိသူအား တရားဝင်လိုင်စင်မရှိဘဲ ကမ္ဘာလှည့်ခရီးသွားဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ခြင်း ၊ အခြားကိစ္စရပ်များအတွက် မော်တော်ယာဉ်ကို အသုံးပြုခြင်း ၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ခွင့်ပြုထားသော အလုပ်အကိုင်ထက် နိုင်ငံခြားသားတစ်ဦးအနေဖြင့် အလုပ်လုပ်ကိုင်ခြင်း ၊ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းအက်ဥပဒေကို ချိုးဖောက်၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းစသည့် ပြစ်မှုအမြောက်အမြားဖြင့် တရားစွဲဆိုထားသည်။
သံသယရှိသူအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ချင်းမိုင်မြို့မရဲစခန်းရှိထံ လွှဲပြောင်းခဲ့သည်။ ထိုင်းနိုင်ငံတွင် လိုင်စင်မဲ့ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများနှင့် တရားမဝင် ဧည့်လမ်းညွှန်များကို ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့က ပြောကြားသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ချင်းမိုင်မြို့တွင် တရားမဝင် ဧည့်လမ်းညွှန်လုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အမျိုးသမီး ၁ ဦးကို ခရီးသွားရဲတပ်ဖွဲ့က ဒွိုင်ဆူတက်တောင်ပေါ်စေတီတွင်ဖမ်းဆီးခဲ့သည်။
Photo – Khaosod
#MigrantTimes
#ချင်းမိုင်
#ရွှေ့ပြောင်း
#ထိုင်း
#thailand
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes