MMK Hub
News

အယုဒ္ဓယမှာ ဘတ် ၂ သောင်းထိ ပွဲစားခပေးဝင်လာတဲ့ မြန်မာ ၂၂ ဦးဖမ်းခံရ

ထိုင်းနိုင်ငံ ၊ အယုဒ္ဓယခရိုင် ၊ လမ်းမကြီးတခုပေါ်မှာ ကား ၃ စီးနဲ့ တရားမဝင်ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသား ၂၂ ဦးကို ဖမ်းမိခဲ့တယ်လို့ အဝေးပြေးရဲတပ်ဖွဲ့က ဒီနေ့ ဇူလိုင် ၁၄ ရက်မှာထုတ်ပြန်ပါတယ်။
အယုဒ္ဓယ အဝေးပြေးရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့တွေဟာ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းရှိတယ်လို့ကြိုတင်သတင်းအရ စောင့်ဆိုင်းခဲ့ကြတယ်လို့ဖော်ပြပါတယ်။
စောင့်ဆိုင်းနေစဉ်မှာ မှန်အမည်းကပ်ထားပြီး ပုံမှန်ထက် ပိုမိုလေးလံတဲ့ အလေးချိန်ကို သယ်ဆောင်ထားပုံရတဲ့ ကား ၃ စီးကို  စစ်ဆေးဖို့ တားဆီးခဲ့ပါတယ်။ ကား ၃ စီးစလုံးမှာ ခရီးသည်တွေ ပြည့်ကျပ်စွာ တင်ဆောင်လာခဲ့ပြီး မြန်မာနိုင်ငံသား ၂၂ ဦးနဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦး၊ စုစုပေါင်း ၂၃ ဦးကို တွေ့ရှိခဲ့ပါတယ်။
ယာဉ်မောင်းဖြစ်သူက ဆာရာဘူရီကနေ အယုဒ္ဓယကို ပို့ဆောင်ဖို့ ငှားရမ်းတာခံရပြီး မောင်းခအဖြစ် ဘတ် ၁,၅၀၀ ရရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေကလည်း သူတို့ဟာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်တစ်ဝိုက်ရှိ နယ်စပ်လမ်းတွေကတစ်ဆင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့ကြပြီး ပွဲစားခအဖြစ် တစ်ဦးကို ဘတ် ၁၅,၀၀၀ ကနေ ဘတ်၂၀,၀၀၀ အထိ ပေးခဲ့ရတယ်လို့ ဝန်ခံခဲ့ကြပါတယ်။
သူတို့တွေကို ဥပဒေအရ ဆက်လက်အရေးယူဖို့ ဝမ်နွိုင်းရဲစခန်းထံ လွှဲပြောင်းခဲ့တယ်လို့အဝေးပြေးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၁ ရက်ကလည်း နခွန်စီထမ္မရတ်ခရိုင်အတွင်းမှာ ကား ၃ စီးနဲ့  တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးနဲ့အတူ ထိုင်းလူမျိုး ၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ အဝေးပြေးရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
Photo – highway1193

#MigrantTimes
#အယုဒ္ဓယ
#အလုပ်သမား
#ရွှေ့ပြောင်း
#ထိုင်း
#thailand

YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes