ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင် ၊ ပတ္တရားမြို့မှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၄ ဦးနဲ့အတူ အိန္ဒိယနိုင်ငံသား ၇ ဦးကို စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနကထုတ်ပြန်ပါတယ်။
မနေ့က ဇူလိုင်လ ၁၉ ရက်နေ့ ၊ ညသန်းခေါင်ကျော်က ပတ္တရား Walking Street လမ်းမပေါ်ရှိ “The Nashaa Club” အပန်းဖြေလုပ်ငန်းခွင်က အလုပ်သမားတွေကို စစ်ဆေးစဉ်မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ဖော်ပြပါတယ်။
စစ်ဆေးမှုအရ အဲ့ဒီနေရာမှာ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားလုပ်သား စုစုပေါင်း ၈၁ ဦးကို တွေ့ရှိခဲ့ပါတယ်။ သူတို့တွေက မြန်မာနိုင်ငံသား ၅၃ ဦး၊ အိန္ဒိယနိုင်ငံသား ၂၃ ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား ၄ ဦးနဲ့ ပါကစ္စတန်နိုင်ငံသား ၁ ဦးတို့ဖြစ်ပါတယ်။
အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ကို စစ်ဆေးရာမှာတော့ လက်မှတ်မရှိဘဲ အလုပ်လုပ်နေတဲ့ အိန္ဒိယနိုင်ငံသား ၇ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦး တွေ့ရှိခဲ့ပါတယ်။ သူတို့ ၁၁ ဦးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ ပတ္တရားမြို့မရဲစခန်းထံ လွှဲပြောင်းခဲ့တယ်လို့ အလုပ်အကိုင် ရှာဖွေရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Photo- ThailandMOL
#MigrantTimes
#ပတ္တရား
#မြန်မာလုပ်သား
#ရွှေ့ပြောင်း
#ထိုင်း
#thailand